“ALLAH” စာသားပါ ခြေအိတ် ရောင်းချသည့်အတွက် အမှုဆောင် ၅ ဦးကို စွဲချက်တင်ထား
“ALLAH” ဟူသော စာသား ဖော်ပြထားသော ခြေအိတ်များကို စတိုးဆိုင်တစ်ဆိုင်တွင် ရောင်းချခဲ့ပြီးနောက် မီနီမတ်ဆိုင်ခွဲများလုပ်ငန်းမှ အမှုဆောင်များနှင့် ခြေအိတ်ပေးသွင်းသည့် ကုမ္ပဏီမှ အမှုဆောင်များကို ဘာသာရေး ထိခိုက်စေသည့်အတွက် အင်္ဂါနေ့ (မတ် ၂၆)တွင် မလေးရှားနိုင်ငံမှ တရားရုံးက အမှုဖွင့် စွဲချက်တင်လိုက်သည်။
ယင်းအမှုကို စုံစမ်းစစ်ဆေးရန်နှင့် အပြစ်ရှိကြောင်း တွေ့ရှိရသည့် မည်သူမည်ဝါကိုမဆို အရေးယူရန် မလေးရှားဘုရင်က တောင်းဆိုခဲ့သည်။
မလေးရှားတော်ဝင်တို့က ယခုလို တောင်းဆိုမှုမျိုးကို အင်မတန်ပြုခဲသဖြင့် ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ တောင်းဆိုလိုက်ခြင်း ဖြစ်ပါသည်။
မလေးရှားနိုင်ငံ၏ အလှည့်ကျ ဘုရင် Sultan Ibrahim Iskandar က မလေးရှားနိုင်ငံသားများအား ဘာသာရေး၊ လူမျိုးရေးနှင့် မင်းမျိုးမင်းနွယ်များနှင့် ပတ်သက်သော ထိလွယ်ရှလွယ် ကိစ္စရပ်များကို ဆွေးနွေးခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် လူမှုရေး သဟဇာတ ရှိစေရန် သတိပေးခဲ့သည်။ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ အမှားအယွင်းများကို ရည်ရွယ်ချက်ရှိရှိ ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ခွင့်မပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ အလှည့်ကျ ဘုရင် Sultan Ibrahim Iskandar အကြောင်း ယခင်တင်ပြချက်
လူမှုမီဒီယာတွင် ခြေအိတ်ဓာတ်ပုံများ ပျံ့နှံ့ခဲ့ရာ မွတ်စလင်များက ၎င်းတို့အား စော်ကားသည်ဟု ယူဆကြပြီး အထူးသဖြင့် ဘာသာရေး အလေးအမြတ်ပြုကြသည့် ရမ်ဇာန်ဥပုသ်လအတွင်း ရောင်းချခြင်း ဖြစ်နေသဖြင့် မလေးရှားနိုင်ငံမှ လူများစုဖြစ်သည့် မွတ်ဆလင်တို့အကြား အမျက်ထွက်စေသည်။
မလေးရှားမှာ မီနီမတ် ဆိုင်ခွဲများ လုပ်ငန်း KK Super Mart ၏ အမှုဆောင်အရာရှိချုပ် ချိုင်ကီကန် (၅၇ နှစ်) နှင့် ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသော ၎င်း၏ဇနီးတို့ကို “ဘာသာရေး ခံစားချက်ကို ထိခိုက်စေရန် တမင်ကြံရွယ်ခြင်း” အမှုဖြင့် တရားစွဲဆိုထားသည်။
ခြေအိတ်ပေးသွင်းသူ Xin Jian Chang ကုမ္ပဏီမှ အရာရှိ သုံးဦးကိုလည်း ၎င်းအမှု ကျူးလွန်မှုဖြင့် တရားစွဲဆိုထားသည်။
၎င်းတို့ငါးဦးကို အာမခံဖြင့် ပြန်လွှတ်ပေးထားပါသည်။
ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်သည်။
၎င်းတို့အားလုံးက အပြစ်မရှိကြောင်း ငြင်းဆိုကြသည်။
KK Super Mart မှ ခြေအိတ်များအတွက် တောင်းပန်ခဲ့ပြီး အဆိုပါကိစ္စအား အလေးအနက်ထားပါကြောင်း၊ ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
ခြေအိတ်ပေးသွင်းသူ Xin Jian Chang ကလည်း တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ "ပြဿနာရှိတဲ့ ခြေအိတ်တွေဟာ တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုကနေ မှာယူထားတဲ့ အစုံပေါင်း ၁၈,၈၀၀ တင်ပို့မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်" ဟု ပြောကြားသည်။
“ALLAH” စကားလုံး ဖော်ပြထားသော ခြေအိတ်များ ၅ စုံသာ ပါဝင်ကြောင်း ပြောကြားသည်။
အစ္စလာမ်သည် မလေးရှားတွင် တရားဝင်ဘာသာဖြစ်သည်။ မလေး-မူဆလင်များသည် နိုင်ငံလူဦးရေ ၃၄ သန်း၏ သုံးပုံနှစ်ပုံကျော် ရှိသည်။
၁၉၆၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်းများ အကြီးအကျယ် ဖြစ်ပွားခဲ့ဖူးသည့် မလေးရှားနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာတရားသည် ဆတ်ဆတ်ထိမခံသည့် ကိစ္စရပ် ဖြစ်ပါသည်။
Source AFP
Comments
Post a Comment