အိန္ဒိယ မတ်လ ရွှေတင်သွင်းမှု ၉၀% လျော့ကျမည်

 ရွေစျေးနှုန်းများ စံချိန်တင် မြင့်တက်ပြီးနောက် ပြည်တွင်း ရွှေဝယ်လိုအားကို ထိခိုက်သဖြင့် အိန္ဒိယမှ ဘဏ်များက ရွှေတင်သွင်းမှုများ လျှော့ချထားခြင်းကြောင့် အိန္ဒိယ ရွှေတင်သွင်းမှုသည် မတ်လတွင် ယခင်လထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလမှစ၍ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဟု အစိုးရတာဝန်ရှိသူနှင့်  ဘဏ်ကုန်သည်နှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုဗစ်ကာလတွင် လေကြောင်းခရီးစဉ်များ ရပ်နားထားရသဖြင့် လေကြောင်းဖြင့် ရွှေတင်သွင်းနိုင်ခြင်း မရှိသောကြောင့် အိန္ဒိယ ရွှေတင်သွင်းမှု လျော့ကျခဲ့သည်။ ရွှေမဝင်သဖြင့် ရွှေထည်လက်ဝတ်ရတနာဆိုင်များ ပိတ်ထားခဲ့ရသည်။


အမေရိကန် ဗဟိုဘဏ်အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ရန်ပုံငွေသည် ယခုနှစ်တွင် အတိုးနှုန်းကို လျှော့ချမည်ဟု မျှော်လင့်ထားကြခြင်းကြောင့် ငွေချေးအာမခံစာချုပ်များတွင် ရင်းနှီးမြှုပ်နှံပါက ရမည့် အတိုးနှုန်း လျော့ကျတော့မည် ဖြစ်သဖြင့် ရွှေကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံကြရာ ဝယ်လိုအား များလာခဲ့ပြီး ယခုလအစောပိုင်းတွင် ကမ္ဘာ့ရွေစျေးနှုန်းများ စံချိန်တင် မြင့်မားခဲ့သည်အထိ အရှိန်ကောင်းကောင်းဖြင့် မြင့်တက်ခဲ့သည်။

အိန္ဒိယသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ရွှေသတ္ထု ဝယ်ယူသူဖြစ်သဖြင့် အိန္ဒိယနိုင်ငံမှ ရွှေတင်သွင်းမှု နည်းပါးခြင်းသည် ရွှေဈေး တက်နေသည့် အရှိန်ကုိ လျော့ကျစေနိုင်သည်ဟု ခန့်မှန်းကြသည်။ 


ပြည်ပမှ ရွှေတင်သွင်းမှု  ကျဆင်းခြင်းသည် အိန္ဒိယ၏ ကုန်သွယ်မှုလိုငွေကို လျော့ကျစေပြီး ရူပီးငွေ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုး မလျော့ကျအောင် အထိုက်အလျောက် ထိန်းပေးနိုင်မည် ဖြစ်သည်။


အိန္ဒိယသည် ဖေဖော်ဝါရီလတွင် ရွှေ ၁၁၀ မက်ထရစ်တန် တင်သွင်းခဲ့သည်။ မတ်လတွင် မက်ထရစ်တန် ၁၀ မှ ၁၁ အထိသာ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။  သို့ဖြစ်ရာ မတ်လ ရွှေတင်သွင်းမှုသည် ၉၀% လျော့ကျမည်ဖြစ်သည်။ 

ရွှေဈေး မြင့်နေသဖြင့် ရွှေထည် ထုတ်လုပ်သူများက အဝယ်ရပ်ထားကြသည်။ 

"ရွှေထည်သမားတွေက  တစ်အောင်စကို ၃၅ ကန်ဒေါ်လာကျော်နေအောင် လျှော့ပေးထားတဲ့ စျေးနဲ့တောင် မဝယ်ကြပါဘူး။ ဒီတော့ အခုအချိန်မှာ ရွှေကို ဈေးကြီးပေးပြီး တင်သွင်းဖို့ ဘာအကြောင်းမှ မရှိဘူး။ အခုနေ ရွှေတင်သွင်းရင် ဝယ်မယ့်သူ စောင့်နေရလို လက်ထဲ ဈေးကြီးတဲ့ရွှေတွေ မိနေလိမ့်မယ်"ဟု အိန္ဒိယ၏ စီးပွားရေး မြို့တော် မွမ်ဘိုင်းမြို့မှ ရွှေချောင်း အဝယ်တော် ကုန်သည်တဦးက ပြောကြားသည်။ သူသည် အိန္ဒိယတွင် ရွှေတင်သွင်းမှု ဦးဆောင်သူနေရာမှာ ရှိနေသည့် ဘဏ်များအတွက် ရွှေအဝယ်တော်တဦး ဖြစ်သည်။


အိန္ဒိယတွင် ပြည်တွင်းဈေးသည် ယခုလအစောပိုင်းတွင် ၁၀ ဂရမ်လျှင် ရူပီး ၆၆,၉၄၃ သို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ဝယ်လိုအား လျော့ကျစေခဲ့သည်။

ဝယ်လိုအား အနည်းအကျဉ်းသာ ရှိတော့သဖြင့် ရွှေကုန်သည်များသည် တရားဝင်ပြည်တွင်းစျေးနှုန်းများထက် တစ်အောင်စလျှင် သွင်းကုန်ခွန် ၁၅% နှင့် အရောင်းခွန် ၃% အပါအဝင် ၃၈ ကန်ဒေါ်လာခန့် လျှော့စျေး ပေးပြီး ရောင်းချခဲ့ကြသည်။


အိန္ဒိယတွင် မင်္ဂလာပွဲရာသီအတွက် ရွှေသည် မပါမဖြစ်သည့်အရာ ဖြစ်နေသည့်အတွက် ရွှေထည် လက်ဝတ်ရတနာများ ၀ယ်လိုအားမှာ မတ်လတွင် အားကောင်းနေလေ့ရှိသည်။ သို့ဖြစ်ရာ ရွှေထည်သမားများက ရွှေကို အသင့်ဝယ်စုထားကြလေ့ရှိသည်။ 


ယခုနှစ် ရွှေဈေး အမြင့်မှာ ရောက်နေသဖြင့် ရွှေထည်သမားများသည် ဘဏ်များထံမှ ရွှေအဝယ် ရပ်ထားပြီး ဈေးနှုန်း အခြေအနေကို စောင့်ကြည့်နေကြသည်။ 


အိန္ဒိယမှ ရွှေသန့်စင်သူများအတွက် ကုန်ကြမ်းရွှေ ဖြစ်သည့် ရွှေသတ္တုစပ် ပြည်ပမှတင်သွင်းမှု ရပ်လုနီးပါး အခြေအနေတွင် ရောက်ရှိနေသည်။ 

ရွှေသတ္တုစပ် တင်သွင်းမှုအပေါ်  စည်းကြပ်သည့် သွင်းကုန်ခွန်မှာ သန့်စင်ပြီးရွှေ သွင်းကုန်ခွန်ထက် ၀.၆၅% နိမ့်သည်။

ရွှေသတ္တုစပ်ကို များများစားစား ဈေးလျှော့ပေးနိုင်ခြင်း မရှိသဖြင့် ဝယ်ယူသူ မဆိုစလောက်သာ ရှိသည်ဟု ကာလကတ္တားမြို့မှ လက်ကားရောင်းချသည့် JJ Gold House ၏ပိုင်ရှင် Harshad Ajmera က ပြောကြားသည်။

Source Reuters 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်