လေယာဉ်အင်ဂျင်ထဲ ငွေအကြွေစေ့တွေ ပစ်မထည့်ရန် ခရီးသည်များကို တရုတ်လေကြောင်းလိုင်း သတိပေး
လေယာဉ်ပေါ် လိုက်ပါမည့် ခရီးသည်တဦးက လေယာဉ်အင်ဂျင်ထဲသို့ ငွေအကြွေစေ့များ ပစ်ထည့်ခဲ့ပြီးနောက် China Southern Airlines က လေယာဉ်အင်ဂျင်ထဲ ငွေအကြွေစေ့ ပစ်မထည့်ရန် ခရီးသည်များကို လူမှုကွန်ရက်မှတဆင့် သတိပေးထားပါသည်။
မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ဟိုင်နန်ကျွန်းမှ မြို့တော် ပေကျင်းသို့ ပျံသန်းမည့် China Southern Airlines လေကြောင်းလိုင်း ခရီးစဉ်တွင် သက်ကြီးပိုင်း အမျိုးသမီးခရီးသည်တဦးက ခရီးစဉ် ကံကောင်းပါစေ ဆုတောင်းပြီး Airbus A350 လေယာဉ်အင်ဂျင်ထဲသို့ ငွေအကြွေစေ့များ ပစ်ထည့်ခဲ့သဖြင့် လေယာဉ် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများက ငွေအကြွေစေ့များကို အင်ဂျင်မှ ဖယ်ရှားရပြီး အင်ဂျင်ကို စစ်ဆေးခဲ့ကြရသည်။ ပြဿနာ ကင်းရှင်းကြောင်း အတည်ပြုပြီးမှ လေယာဉ် ထွက်ခွာရသဖြင့် လေးနာရီ နောက်ကျသွားသည်။
"လေယာဉ်ကို အကြွေစေ့ဖြင့် ပစ်ခြင်း" ကဲ့သို့သော လုပ်ရပ်များသည် လေယာဉ် ထွက်ခွာ ပျံသန်းမှုကို နှောင့်နှေးစေပြီး ဘေးကင်းရေးကို အန္တရာယ် ဖြစ်စေကြောင်း ရှင်းပြထားသည့် ငါးမိနစ်စာ ဗီဒီယိုကို တရုတ်ပြည် လူမှုကွန်ရက် Weibo တွင် China Southern Airlines က တင်ပြခဲ့ရာ “ဘေးကင်းရေးကို ထိခိုက်မယ်ဆိုရင် ပြစ်ဒဏ်အမျိုးမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်" ဟု သတိပေးထားသည်။
၂၀၁၇ ခုနှစ်တုန်းကလည်း Chinese Southern Airlines ခရီးစဉ်တွင် သက်ကြီးပိုင်း အမျိုးသားတဦးက ခရီးစဉ် ဘေးကင်းစေရေး ဆုတောင်းပြီး အင်ဂျင်ထဲသို့ ငွေအကြွေစေ့များ ပစ်ထည့်ခဲ့ဖူးသည်။
၂၀၁၉ ခုနှစ်တွင် တရုတ်လေကြောင်းလိုင်း Lucky Air သည် ခရီးသည်တစ်ဦးအား လေယာဉ်အင်ဂျင်ထဲသို့ ဒင်္ဂါးပြားနှစ်ပြား ပစ်ထည့်ခဲ့မှုအတွက် ဒေါ်လာ ၂၁,၀၀၀ ပေးရန် တရားစွဲခဲ့ဖူးသည်။
Source cgtn
Comments
Post a Comment