နာမည်ကျော် ယောဂဆရာ ဂုရုကြီး၏ ကုမ္ပဏီ ဆေးဝါးကြော်ငြာများ တရားရုံးချုပ်က ပိတ်ပင်
အိန္ဒိယနိုင်ငံ၏ ရေပန်းအစားဆုံး ယောဂဂုရုတစ်ဦးမှ ပူးတွဲတည်ထောင်ခဲ့သော ကုမ္ပဏီ Patanjali Ayurved ၏ တိုင်းရင်းဆေးများအကြောင်း ကြော်ငြာများကို အိန္ဒိယနိုင်ငံ ဗဟိုတရားရုံးက ပိတ်ပင်တားမြစ်ထားသည်။
ကုမ္ပဏီမှ ဖြန့်ဖြူးရောင်းချလျက်ရှိသော ရိုးရာ အာယုဗေဒဆေးဝါးများသည် အချို့သော ရောဂါများကို ပျောက်ကင်းစေသည်ဟု အတိအလင်း ဆိုထားသော ကြော်ငြာများကို ကြော်ငြာခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
Patanjali သည် အခြားသော သမားရိုးကျ အနောက်တိုင်း ဆေးဝါးများကို အပုပ်ချပြီး ၎င်း၏ တိုင်းရင်းဆေးဝါးများကို အမွှမ်းတင်သည်ဟု အိန္ဒိယ ဆေးဘက်ဆိုင်ရာ အသင်းက စွပ်စွဲထားပြီး တရားဥပဒေကြောင်းအရ အရေးယူနိုင်ရန် တိုင်တန်းထားသည်ကို စစ်ဆေးကြားနာလျက် ရှိစဉ် တရားရုံးချုပ်က ၎င်းပိတ်ပင်တားမြစ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Patanjali ကို ပူးတွဲတည်ထောင်ခဲ့သော ယောဂဂုရု Baba Ramdev သည် စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ အိန္ဒိယမှာ အလွန်ရေပန်းစားသည့် တိုင်းရင်းဆေးများကို ဆရာဝန်အချို့က ဆန့်ကျင် ၀ါဒဖြန့်နေကြခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
Patanjali ကို ယောဂဆရာ Ramdev မှ ၂၀၀၆ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သည်။
Ramdev သည် အိန္ဒိယတွင် နောက်လိုက် အများအပြား ရှိသည်။ တီဗီရှိုးများမှတစ်ဆင့် ရောဂါများအတွက် ယောဂကုထုံးများကို ပြောပြပေးသည်။
Patanjali ကုမ္ပဏီသည် တစ်ကိုယ်ရည် စောင့်ရှောက်မှု ဆေးဝါများနှင့် အာယုဗေဒ ဆေးဝါးများကို ရောင်းချသည်။ ဆေးအာနိသင်နှင့် ပတ်သက်၍ မမှန်မကန်သည်ကို အခိုင်အမာ ပြောဆိုလိမ်ညာသည်ဟု ဆရာဝန်များနှင့် တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်ရှုံ့ချမှုကို မကြာခဏ ရင်ဆိုင်နေရသည်။
အမှုကို စစ်ဆေးကြားနာနေဆဲကာလတွင် ဆေးစွမ်းထက်သည်ဟု ကြော်ငြာခြင်းများကို ရပ်ထားမည်ဟု ယမန်နှစ်က တရားရုံကို ကတိခံဝန် ပေးထားသည်ကို ချိုးဖောက်ပြီး ဆက်လက်ကြော်ငြာနေခဲ့သည်ဟု တရားရုံးက ဆိုသည်။
Ramdev ၏ ကုမ္ပဏီသည် သွေးတိုး၊ ပန်းနာရင်ကျပ်နှင့် ဆီးချိုရောဂါများ အမြစ်ပြတ် ပျောက်ကင်းစေနိုင်သည်ဟု ဆိုထားသည့် ကြော်ငြာများကို သတင်းစာများတွင် ဆက်လက်ကြော်ငြာနေသည်ဟု အိန္ဒိယဆေးဘက်ဆိုင်ရာအသင်း၏ ရှေ့နေက တရားရုံးသို့ တင်ပြတိုင်တန်းပြီးနောက် ယခုအမိန့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
Patanjali ကုမ္ပဏီကိုလည်း တရားရုံးကို မထီမဲ့မြင် ပြုခဲ့ခြင်းအတွက် ထုချေလွှာ တင်သွင်းရန် တရားသူကြီးက အမိန့်ထုတ်ထားသည်။
Source Reuters
Comments
Post a Comment