တိုနီ ဖာနန်ဒက်စ် အမှုဆောင်အရာရှိချုပ် သက်တမ်း ၅ နှစ်တိုး
AirAsia ဘတ်ဂျက်လေကြောင်းလိုင်း တိုင်ကွန်း Tony Fernandes က သူသည် အငြိမ်းစားယူမည့် အစီအစဉ်များကို ဘေးဖယ်ထားပြီး အဲအေးရှား၏ ဦးပိုင်ကုမ္ပဏီ Capital A ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ဆက်လက်လုပ်ဆောင်ရန် ငါးနှစ်စာချုပ်အသစ်ကို ချုပ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
လာမည့်အပတ်တွင် အသက် ၆၀ ပြည့်မည့် ဖာနန်ဒက်စ်က လာမည့်ငါးနှစ်အတွင်း အနားယူရန် ရည်ရွယ်ထားကြောင်း ဇန်နဝါရီတွင် ပြောကြားခဲ့သည်။ သို့သော်လည်း သူဆက်နေဖို့ ကုမ္ပဏီဘုတ်အဖွဲ့ တောင်းဆိုမှုကြောင့် စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ဖာနန်ဒက်စ်သည် စီးပွားရေးလုပ်ဖော်ကိုင်ဖက် Kamarudin Meranun နှင့်အတူ Tune Air ကုမ္ပဏီကို တည်ထောင်ခဲ့ပြီးနောက် မလေးရှားအစိုးရထံမှ အရှုံးပေါ်ပြီး ကြွေးနွံနစ်နေသည့် နိုင်ငံပိုင် လေကြောင်းလိုင်းကို ၁ ရင်းဂစ်ဖြင့် ဝယ်ယူပြီး လုပကိုင်ခဲ့ရာ ကြွေးများ ပြန်ဆပ်ပေးနိုင်သည့်အပြင် အထင်ကရလေကြောင်းလိုင်း အဖြစ်သို့ ရောက်ရှိစေခဲ့သည်။
ထိုအချိန် ၂၀၀၁ ခုနှစ်ကတည်းက ကုမ္ပဏီကို ဖာနန်ဒက်စ် ဦးဆောင်ခဲ့သည်။
လေယာဉ်နှစ်စင်းဖြင့် စတင်ခဲ့သည့် အဲအေးရှားသည် လေယာဉ်အစင်း ၂၀၀ ခန့်ဖြင့် အာရှ၏ အကြီးဆုံးလေကြောင်းလိုင်းများထဲမှ တစ်ခု ဖြစ်လာပါသည်။
Comments
Post a Comment