ငွေသား (၄၃) သိန်းပါ ခရီးဆောင်အိတ်ပြုတ်ကျခဲ့သည့်အပေါ် ယာဉ်လိုင်းမှ တာဝန်မယူသည့်အတွက် တိုင်ကြားလာမှု စားသုံးသူရေးရာ ဖြေရှင်းပေး
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူသည် မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် ကျောက်ပန်းတောင်းမြို့မှ မကွေးမြို့သို့ လိုက်ပါခဲ့ရာ ကားနောက်ဖုံးထဲ၌ တင်ဆောင်လာသော ကတ္တားခေါင်းတစ်ခု တန်ဖိုးငွေ ကျပ်(၁)သိန်းခန့်၊ Service ကဒ်(၂)ကဒ် တန်ဖိုးငွေကျပ် (၁)သိန်းခန့်၊ ပုဆိုးသစ်(၃)ကွင်း တန်ဖိုး ငွေကျပ်၂၁,၀၀၀/- ၊ ဝမ်းဆက် (၃)စုံ တန်ဖိုးငွေကျပ် ၃၁,၈၀၀/-၊ စောင်တစ်ထည်တန်ဖိုးငွေကျပ် ၁၀,၀၀၀/-၊ စုစုပေါင်းတန်ဖိုးငွေကျပ်၂၆၂,၈၀၀/-အပြင် ငွေသား (၄၃) သိန်းပါသော ခရီးဆောင်အိတ်မှာ ကားနောက်ဖုံးလှပ်၍ ပြုတ်ကျခဲ့ပါ သဖြင့် တိုင်ကြားသူမှ ယာဉ်မောင်းအား မည်ကဲ့သို့ တာဝန်ယူပေးမည်နည်းဟု မေးမြန်းခဲ့ရာ ယာဉ်မောင်းမှ ငွေသား(၄၃)သိန်း အိတ်ထဲပါလာသည်ကို ခရီးသည်မှ ပြောကြားမှု မရှိသည့်အတွက် မသိရှိပါကြောင်း၊ တန်ဆာခလည်း ပေးချေထားခြင်း မရှိ၍ လျော်ကြေးပေးရန်မှာလည်း မဖြစ်နိုင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သောကြောင့် ခရီးဆောင်အိတ် ပြုတ်ကျခဲ့သည့်အပေါ် ယာဉ်လိုင်းမှ တာဝန်ခံမှု/ တာဝန်ယူမှု မရှိသည့်အတွက် တိုင်ကြားခြင်း ဖြစ်ပါသည်။
တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူများက စိစစ်၍ အမြန်ယာဉ်အသင်းမှ တာဝန်ရှိသူအား အကြောင်းကြား ဆောင်ရွက်ခဲ့ပြီး ၂၂-၂-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ရေး ကော်မတီတို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်လိုင်းအနေဖြင့် ခရီးဆောင်အိတ်ပြုတ်ကျခဲ့မှုအပေါ် တာဝန်ရှိသည့်အတွက် ပစ္စည်းတန်ဖိုးငွေကျပ် ၂၆၂,၈၀၀/- အား တာဝန်ယူသွားမည်ဖြစ်သော်လည်း အိတ်ထဲ ပါသည်ဆိုသော ငွေသား (၄၃)သိန်းမှာ ခရီးသည်မှ ကြိုတင်ပြောဆိုထားခြင်းမရှိသည့်အတွက် တာဝန်မယူနိုင်ပါကြောင်း၊ တိုင်ကြားသူမှလည်း ငွေသား (၄၃) သိန်းအား ပေးလျော်ရန် တောင်းဆိုခြင်း မပြုပါကြောင်း၊ ယာဉ်လိုင်းမှ တိုင်ကြားသူသို့ ငွေကျပ် ၂၆၀,၀၀၀/- အား ပေးလျော်သွားမည်ဖြစ်ကြောင်းကို တိုင်ကြားသူမှ သဘောတူလက်ခံခဲ့ပြီး ၂၆-၂-၂၀၂၄ ရက်နေ့တွင် ပေးလျော်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။
တိုင်ကြားသူမှ ခရီးဆောင်အိတ် ပြုတ်ကျနေခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် Post တင်ခဲ့သည့် အတွက် ၂၅-၂-၂၀၂၄ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့၊ ဂိတ်ပေါင်းစုံ လက်မှတ်အရောင်းဌာနခွဲမှ ခရီးဆောင်အိတ် ရထားကြောင်း တိုင်ကြားသူထံသို့ ဆက်သွယ်လာသဖြင့် သွားရောက်ယူဆောင်၍ ပစ္စည်းများ စစ်ဆေးရာ ငွေသား(၄၃)သိန်းနှင့်အတူ ပါရှိပစ္စည်းများ ပြန်လည်ရရှိကြောင်းကို တိုင်ကြားသူက စားသုံးသူရေးရာဦးစီးဌာနသို့ အကြောင်းကြားလာခဲ့ပါသည်။ ဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားခံရသည့် ယာဉ်လိုင်းအနေဖြင့် ခရီးဆောင်အိတ် ပြုတ်ကျခဲ့မှုအပေါ် တာဝန်ရှိသည့်အတွက် နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား သေချာစွာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်၊ ဝန်ဆောင်ခ ရယူ၍ သယ်ယူပို့ဆောင်ရသည့် ကုန်စည်များ ပျောက်ဆုံးမှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန် ခံဝန်ကတိပြု လက်မှတ်ရေးထိုးစေခဲ့ပြီး တိုင်ကြားသူမှလည်း ကျေနပ်မှု ရှိပါသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းခဲ့ပါသည်။
ရင်းမြစ် စားသုံးသူရေးရာ ဦးစီးဌာန
Comments
Post a Comment