ကိုရီးယားတွင် မိုဘိုင်းငွေပေးချေမှုများ ကတ်အသုံးပြုမှုကို ပထမဆုံးအကြိမ် ကျော်လွန်
ကိုရီးယားတွင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုများ ကတ်အသုံးပြုမှုကို ပထမဆုံးအကြိမ် ကျော်လွန်သွားခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ရုံးဝန်ထမ်း Kim Ye-jin သည် နေ့စဥ် ငွေပေးငွေယူပြုလုပ်ရန်အတွက် သမားရိုးကျကတ်များအစား သူမ၏ ဆဲလ်ဖုန်းကို ပိုမိုအားကိုးလာခဲ့သည်။
ဘတ်စ်ကားခ၊ မြေအောက်ရထားခများမှအစ စတိုးဆိုင်များတွင် ငွေပေးချေမှုအထိ ကတ်များကို အားကိုးမည့်အစား သူမ၏ ဆဲလ်ဖုန်းမှ မိုဘိုင်းအက်ပ်အမျိုးမျိုးကို အဓိကအားထားပြီး အသုံးပြုသည်။
"မိုဘိုင်းဖုန်းမှ အက်ပ်နဲ့ ငွေပေးချေတာကို မသုံးတဲ့ စားသောက်ဆိုင်ငယ်တွေမှာ ငွေပေးချေဖို့အတွက်တော့ ကတ်တွေ ဆောင်ထားပါတယ်" ဟု Kim က ပြောကြားသည်။
မိုဘိုင်းငွေပေးချေမှု ဝန်ဆောင်မှုပေးသူ အမျိုးမျိုးမှ ပေးအပ်သော လျှော့စျေးများ အပါအဝင် အကျိုးခံစားခွင့်များ ရရှိခြင်းကိုလည်း သူမ သဘောကျသည်ဟု ပြောကြားသည်။
Kim သည် ကိုရီးယား စားသုံးသူများအကြား ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းကို ထင်ဟပ်ပြသနေသည်။
ယခင်ကကဲ့သို့ ခရက်ဒစ်နှင့် ဒက်ဘစ်ကတ်များ ယူဆောင်လာကာ ငွေပေးချေခြင်းအပေါ် မှီခိုအားထားမှုကို လျှော့ချရင်း မိုဘိုင်းလ်ဖုန်းများကို ပိုမိုအားကိုးလာကြသည်။
Bank of Korea (BOK) မှ ထုတ်ပြန်ခဲ့သည့် နှစ်စဉ်ပြည်တွင်း ငွေပေးချေမှုလမ်းကြောင်း အစီရင်ခံစာအရ ယမန်နှစ်က ကတ်များနှင့် မိုဘိုင်းဖုန်း အက်ပ်များ သုံးစွဲပြီး ငွေပေးချေမှုများတွင် မိုဘိုင်းလ်ဖုန်းများကို အသုံးပြု၍ ငွေပေးချေသည့် ရာခိုင်နှုန်းသည် ၅၀.၅ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ကတ်များဖြင့် ငွေပေးချေသည့် ရာခိုင်နှုန်းသည် ၄၉.၅ ရာခိုင်နှုန်း ရှိသည်။
မိုဘိုင်းလ်အက်ပ်ဖြင့် ငွေပေးချေမှုသည် ကတ်ဖြင့် ငွေပေးချေမှုထက် ကျော်လွန်သွားသည်မှာ ကိုရီးယားတွင် ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်သည်။
မိုဘိုင်းလ်အက်ပ်ဖြင့် ငွေပေးချေမှုသည် ၂၀၁၉ ခုနှစ်တွင် ၃၈.၆% သို့ ရောက်ရှိလာခဲ့ပြီးနောက် တနှစ်ထက်တနှစ် ရာခိုင်နှုန်း ပိုများလာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကတ်ထက် အက်ပ်က ပိုများသွားခဲ့သည်။
မိုဘိုင်းဖုန်းဖြင့် ငွေပေးချေကြရာတွင် အွန်လိုင်းမှတဆင့် ပေးချေခြင်းသည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ထက် ၅.၆% သာ ပိုများခဲ့ပြီး အော့ဖ်လိုင်း ပေးချေခြင်းသည် ၃၅.၇% တိုးခဲ့သည်။
အော့ဖ်လိုင်းဒစ်ဂျစ်တယ်ငွေပေးချေမှုများသည် သုံးစွဲသူ၏ မိုဘိုင်းကိရိယာနှင့် ဆိုင်ရှင်၏ ငွေလွှဲ လက်ခံသည့်စက်တို့အကြား ငွေပေးချေမှုအချက်အလက်များကို လွှဲပြောင်းရန် အင်တာနက်မှတဆင့် လုပ်ဆောင်ခြင်း မပြုဘဲ QR ကုဒ်များ၊ NFC ကဲ့သို့သော နည်းပညာများကို အသုံးပြုပြီး တိုက်ရိုက်ချိတ်ဆက်ပြီး လုပ်ကိုင်သည်။
မိုဘိုင်းဖုန်း အသုံးများလာသဖြင့် ကတ်ကုမ္ပဏီများ ဈေးကွက်ဝေစု ဆုံးရှုံးသည်။
ကိုးရီးယား စားသုံးသူများသည် အဓိက fintech အက်ပ် ငွေပေးချေမှု ဝန်ဆောင်မှုသုံးခု ဖြစ်သည့် Naver Pay၊ Kakao Pay နှင့် Toss Pay တို့ကို အသုံးများကြသည်။
Source koreatimes
Comments
Post a Comment