နောက်ကြောင်းပြန်လှည့် လေယာဉ် ၂စီးမှ ခရီးသည်များ ထိုင်း လဝက ဟိုတယ် တည်းခိုရန် ခွင့်ပြု
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ အစ္စရေးနိုင်ငံသို့ ပျံသန်းသည့် လေယာဉ်များ ရှေ့ဆက်ပျံသန်းဖို့ မဖြစ်နိုင်တော့သဖြင့် နောက်ကြောင်းပြန်လှည့်လာခဲ့ကြရာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ၎င်းခရီးစဉ်များမှ ခရီးသည်များကို ပြည်ဝင်ခွင့် ပေးအပ်သည်။ ဟိုတယ်၌ဖြစ်စေ၊ လေဆိပ်တွင်ဖြစ်စေ နေထိုင်ရန် ခွင့်ပြုသည်။
အီရတ်၊ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့က ၎င်းတို့၏ လေပိုင်နက်ကို ပိတ်ပင်ခဲ့ပြီးနောက် စနေနေ့ညနေပိုင်းမှစပြီး အစ္စရေးနှင့် အနီးနားနိုင်ငံများသို့ လေကြောင်းခရီးစဉ်များ ပျံသန်းမရ ဖြစ်သွားခဲ့သည်။
အီရန်က အစ္စရေးကို ဒရုံးများ၊ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။ သို့ဖြစ်ရာ El Al Israel Airlines သည် အစ္စရေးသို့ သွားသည့် လေယာဉ် ၂ စင်း ပြန်ခေါ်ယူထားကြောင်း သုဝဏ္ဏဘူမိလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။
လှည့်ပြန်လာသည့် လေယာဉ်စီးခရီးသည်များသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်တွင် ထွက်ခွာ တံဆိပ်တုံး ထုထားပြီး ဖြစ်သောကြောင့် ပုံမှန်အားဖြင့် လေဆိပ်တွင်သာ နေထိုင်ရမည်ဖြစ်သည်။
သို့သော် ယခုကိစ္စတွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုက သက်ညှာမှုပြုခဲ့သည်။ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများ အပါအဝင် ခရီးသည်များကို လေကြောင်းလိုင်းက စီစဉ်ပေးသည့် ဟိုတယ်များတွင် တည်းခိုခွင့်ပေးပါသည်။
ခရီးသည်များသည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်အတွက် ထပ်မံတန်းစီရခြင်းကို ရှောင်ရှားနိုင်ရန် မိမိ ပတ်စ်ပို့ကို ကိုင်ဆောင်ထားပြီး လေဆိပ်တွင် စောင့်ဆိုင်းလိုပါကလည်း ခွင့်ပြုပေးထားပါသည်။
ဟိုတယ်တွင် တည်းခိုသူများ၏ နိုင်ငံကူးလက်မှတ်များကို လေကြောင်းလိုင်းက သိမ်းဆည်းထားမည်ဖြစ်ပြီး ၎င်းတို့သည် နိုင်ငံအတွင်း တရားမဝင် နေထိုင်မည် မဟုတ်ကြောင်း အာမခံချက် ပေးမည်ဖြစ်ပါသည်။
Source bangkokpost
#TravelerGuide
Comments
Post a Comment