ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်း အရှိန်မြှင့်ရန် တရုတ် တောင်းဆို
ထိုင်း-တရုတ် မြန်နှုန်းမြင့်ရထားလမ်း၏ ဘန်ကောက်မှ နွမ်ခိုင်သို့ လမ်းပိုင်းကို ယခင်က ၂၀၂၈ ခုနှစ်တွင် အစမှ အဆုံးအထိ ဖွင့်လှစ်မည်ဟု ပြောကြားခဲ့သော်လည်း ဘတ် ၃၄၁ ဘီလီယံ ကုန်ကျမည့် မဟာစီမံကိန်းကြီးသည် နှစ်နိုင်ငံကြား ငွေကြေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။
နှစ်အတန်ကြာ နှောင့်နှေးခဲ့ရပြီးနောက် ဇန်နဝါရီတွင် ၈၇၃ ကီလိုမီတာရှည်လျားသော ရထားလမ်း ဆောက်လုပ်ရေးကို အရှိန်မြှင့်ရန် တရုတ်က တောင်းဆိုခဲ့သည်။
မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ Belt and Road Initiative ၏ အပိုင်းကဏ္ဍတရပ်အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို လာအိုမှတဆင့် ဆက်သွယ်ပေးမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် မဟာစီမံကိန်းကြီး၏ အဆင့်(၁)ဖြစ်သည့် ဘန်ကောက်မြို့မှ နခွန်ရတ်ခ်ျစီမာအထိ လမ်းပိုင်းကို တာဝန်ယူ တည်ဆောက်သည်။ အဆင့်(၁)တွင် ကန်ထရိုက် ၁၄ ခု ရှိရာ၌ ၂ ခု ပြီးစီးပြီဟု ပို့ဆောင်ရေးဝန်ကြီးနှင့် ဒုတိယ၀န်ကြီးချုပ် Suriya Juangroongruangkit က ပြောကြားသည်။ အဆင့်(၁)လမ်းပိုင်းကို ၂၀၂၈ တွင် ဖွင့်လှစ်မည်။
အဆင့်(၂) နခွန်ရတ်ခ်ျစီမာမှ နွမ်ခိုင်အထိ လမ်းပိုင်း ဆောက်လုပ်ရေးကို နောက်နှစ်တွင် စတင်မည်ဟု ၎င်းက ပြောကြားသည်။ ၎င်းလမ်းပိုင်းသည် လာအို-တရုတ် ရထားလမ်းနှင့် ချိတ်ဆက်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဖွင့်လှစ်မည်။
နွမ်ခိုင်နှင့် လာအိုမြို့တော် ဗီယင်ကျန်းတို့ကို ဆက်သွယ်ရန် မဲခေါင် မြန်နှုန်းမြင့်ရထား တံတားအသစ်ကို State Railway of Thailand ၏ ၂၀၂၄ ဘဏ္ဍာနှစ်ဘတ်ဂျက်ဖြင့် တည်ဆောက်မည် ဖြစ်သည်။
Source thenationthailand
Comments
Post a Comment