ဘဏ်ချေးငွေ မရသဖြင့် ထိုင်းအိမ်ရာ အရောင်းအဝယ် လျော့ကျ

 ထိုင်းနိုင်ငံတွင် ဘဏ်များက အိမ်ရာချေးငွေ လျှောက်လွှာများ ပယ်ချကြသဖြင့် ယခုနှစ် ပထမသုံးလပတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာအရောင်းအဝယ်များ ကျဆင်းသွားခဲ့သည်။ ထိုသို့ကျဆင်းလာနေသည်မှာ ၂၀၂၃ ပထမ၃လပတ် ကတည်းကဖြစ်ပြီး ယခုအခါ ၃လပတ် ၅ ခုဆက်တိုက် ရှိသွားပြီဖြစ်သည်။ ၆ နှစ်တာအတွင်း အနိမ့်ဆုံးအမှတ်သို့ ရောက်ရှိနေသည်။


အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က ပထမသုံးလပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ်ရာ ဝယ်လိုအား ကျုံ့သွားခဲ့ပြီး ၇၂,၉၅၄ ခုသာ အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု ဆိုသည်။ 


အရေအတွက်အားဖြင့်သာမက တန်ဖိုးအားဖြင့်လည်း ကျဆင်းခဲ့ပြီး ဘတ် ၂၀၉ ဘီလီယံဖိုးသာ ရှိခဲ့သည်။ ၂၀၂၃ တတိယ၃ လပတ်မှစ၍ ဆက်တိုက်ကျဆင်းလာခဲ့ရာ ယခုအခါ ၃လပတ် ၃ခုဆက်တိုက် ရှိသွားပြီ ဖြစ်သည်။


ယခုနှစ် ပထမ၃လပတ် အိမ်ရာအရောင်းအဝယ် အရေအတွက်သည် ၂၀၁၈ ပထမ၃လပတ်မှစ၍ အနည်းဆုံး ဖြစ်သဖြင့် ပြီးခဲ့သည့် ၃လပတ် ၂၅ ခုအတွင်း အနည်းဆုံး ဖြစ်ပြီး တန်ဖိုးအားဖြင့် ၂၀၁၉ ဒုတိယ၃လပတ်မှစ၍ အနည်းဆုဲးဖြစ်သည်ဟု REIC က ဆိုသည်။

.

ဘဏ်များမှ ထုတ်ချေးပေးသည့် အိမ်ရာချေးငွေ ပမာဏသည်လည်း လျော့ကျခဲ့ရာ ဘတ် ၁၂၂ ဘီလီယံသာ ရှိခဲ့ပြီး ပြီးခဲ့သည့် ၃လပတ် ၂၅ ခုအတွင်း အနည်းဆုံး ဖြစ်သည်။ ယမန်နှစ် ပထမ၃လပတ်ထက် ၂၀.၅% လျော့နည်းခဲ့ရာ ၆ နှစ်ကျော်ကာလအတွင်း လျော့နည်းသည့်ရာခိုင်နှုန်း အများဆုံးဖြစ်သည်။


"အဓိကပြဿနာမှာ အိမ်ရာချေးငွေ ခွင့်ပြုချက်အတွက် ဘဏ္ဍာရေးအဖွဲ့အစည်း‌တွေက သတ်မှတ်ချက်တွေ တင်းကျပ်ထားတာ ဖြစ်ပါတယ်။ အများစုအဖို့ ချေးငွေရဖို့က အဓိကပါ။ အတိုးနှုန်း မြင့်နေတာက အကြောင်းမဟုတ်ပါဘူး။ ခုဖြစ်နေတာက ချေးငွေ ချေးလို့ မရကြတာပါ" ဟု Mr Vichai က ပြောသည်။



အမျိုးအစားအရ ကြည့်လျှင် အထပ်နိမ့်အိမ်ရာ အရောင်းအဝယ်များသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းနှုန်း အများဆုံး ဖြစ်သည်။ ယခုနှစ် ပထမ၃လပတ်တွင် ၄၉,၄၂၃ ခု၊ ဘတ် ၁၄၆ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ခဲ့သည်။


ကွန်ဒို အိမ်ရာတိုက်ခန်း အရောင်းအဝယ် ၀.၆% သာ ကျဆင်းခဲ့သည်။ ၃၃,၅၃၁ ခန်း၊ ဘတ် ၆၂.၉ ဘီလီယံဖိုး အရောင်းအဝယ် ဖြစ်ခဲ့သည်။

"ဈေးနှုန်း နိမ့်တဲ့ ဘတ် ၁ မှ ၃ သန်းအထိ ကွန်ဒိုတိုက်ခန်းကလွဲရင် ကျန်တဲ့ ဈေးနှုန်းအတန်းအစား အားလုံး ရောင်းအား ကျဆင်းခဲ့ပါတယ်။ ဈေးနိမ့်တဲ့ ကွန်ဒိုတိုက်ခန်းတွေကို ၂၀၂၂ မှ စဆောက်ခဲ့ကြပြီး ယခုနှစ် ပထမ၃လပတ်မှာ ဆောက်လုပ်ပြီးစီးခဲ့ကြပြီး အရောင်း စဖွင့်ခဲ့ကြလို့ ရောင်းချတဲ့ အရေအတွက် များပြားခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

၂၀၂၄ ခုနှစ် ပထမ၃လပတ်တွင် တစ်နိုင်ငံလုံးအနေဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည့် ဘတ် ၁ မှ ၃ သန်းကြား စျေးနှုန်းရှိသော ကွန်ဒိုအခန်းအရေအတွက်မှာ စုစုပေါင်း ၇,၂၉၅ ခန်းဖြစ်ပြီး အဆိုပါကာလအတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့် ကွန်ဒိုတိုက်ခန်း အရေအတွက် စုစုပေါင်း၏ ၃၁% ဖြစ်ပါသည်။

Source Bangkokpost 

#ConstructionIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်