ပါကစ္စတန် ကြက်သွန်နီ တင်ပို့မှု မကြုံစဖူး မြင့်တက်
ပါကစ္စတန်နိုင်ငံ ကြက်သွန်နီ တင်ပို့မှုမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဇူလိုင်မှ ဧပြီလအထိ မကြုံစဖူး ကန်ဒေါ်လာ သန်း ၂၁၀ ရရှိခဲ့သည်။
“လက်ရှိဘဏ္ဍာနှစ်အကုန်မှာ ကြက်သွန်တင်ပို့မှုက ကန်ဒေါ်လာ သန်း ၂၅၀ အထိ တိုးလာနိုင်တယ်”ဟု ပါကစ္စတန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသူများအသင်း All Pakistan Fruit and Vegetable Exporters Association နာယက Waheed Ahmed က ပြောကြားသည်။
ကြက်သွန်နီ ပြည်ပတင်ပို့မှု ပိုမိုများပြားလာသည့်အလျောက် ပြည်တွင်းမှာ ကြက်သွန်နီ ဈေးနှုန်းများ မြင့်တက်လာသည်ဟု ပြောဆိုနေကြခြင်းသည် လွဲမှားသော ယူဆချက်သာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဟင်းလျာတွင် မပါမပြီးသည့် ကြက်သွန်နီဈေးနှုန်းသည် ၂၀၂၃ ဒီဇင်ဘာ ၈ ရက်မှ ယခုနှစ် ဧပြီလအထိ အိန္ဒိယက ကြက်သွန်နီ တင်ပို့မှု ပိတ်ပင်ထားစဉ် ပါကစ္စတန်မှ စားသုံးသူတို့သည် ကြက်သွန်နီကို တစ်ကီလိုဂရမ်ကို ရူပီ ၃၀၀-၃၆၀ ပေးပြီး ဝယ်ယူစားသုံးကြရသည်။
အိန္ဒိယသည် မေလ ပထမပတ်တွင် ကြက်သွန်နီ တင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက်သောအခါ တစ်နိုင်ငံလုံးအနေဖြင့် ပျမ်းမျှစျေးနှုန်း တစ်ကီလိုလျှင် ရူပီး ၇၀ မှ ၁၅၀ အထိ ဈေးထိုးကျသွားခဲ့သည်။
"ကြက်သွန်နီ ဈေးတက်တာ ပြည်ပတင်ပို့တာနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဈေးကွက်ထဲမှာ ဖန်တီးထားတဲ့ အားတွေကြောင့်သာ ဈေးတက်ကုန်တာပါ။ လက်ကားဈေးက ရူပီ ၁၅၀၊ လက်လီရောင်းတဲ့သူတွေက ရူပီ ၃၀၀ နဲ့ ရောင်းတယ်။ အဲဒီမှာ ပြည်ပတင်ပို့တာကြောင့် ဈေးတက်တယ်လို့ အပြစ်တင်လို့ မရဘူး" ဟု Mr Waheed က ပြောသည်။
အချို့ကုန်သည်များသည် အီရန်နှင့် အာဖဂန် ကြက်သွန်နီတို့ကို တင်သွင်းခဲ့ကြသော်လည်း ကြက်သွန်နီ ဈေးမကျခဲ့ချေ။
ကြက်သွန်နီ ပြည်ပတင်ပို့သူတို့သည် အိန္ဒိယ ကြက်သွန်နီ တင်ပို့မှု ပိတ်ပင်ထားစဉ် အခွင့်အလမ်း အရယူကာ ပြည်ပသို့ ကြက်သွန်နီများ ပိုမိုတင်ပို့ခဲ့ကြသည်။
အိမ်စောင့်အစိုးရသည် ကြက်သွန်နီ တင်ပို့မှု အနိမ့်ဆုံးဈေး minimum export price (MEP) ကို ဇန်နဝါရီ ဒုတိယပတ်တွင် တစ်တန်လျှင် ကန်ဒေါ်လာ ၇၅၀ မှ ၁၂၀၀ ဒေါ်လာသို့ တိုးမြှင့်သတ်မှတ်ခဲ့သည်။
ပါကစ္စတန် ကြက်သွန်နီနှင့် အိန္ဒိယကြက်သွန်နီတို့အကြား အဓိကကျသည့် ကွာခြားချက် တချက်မှာ ပါကစ္စတန် ကြက်သွန်နီသည် တလသာသာမျှသာ အထားခံသည်။ အိန္ဒိယကြက်သွန်နီသည် သုံးလေးလအထိ အထားခံသည်။
Source dawn
#FoodIndustryGuide
Comments
Post a Comment