ထိုင်းကွန်ဒိုဈေးကွက် နိုင်ငံခြားဝယ်လက်များ ကြီးစိုး
ထိုင်းကွန်ဒိုဈေးကွက်ကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြားဝယ်လက်များ အထူးသဖြင့် တရုတ်နှင့် ရုရှားတို့က လွှမ်းမိုးထားပြီး အဓိကအားဖြင့် ခရီးသွားနေရာများမှ ကွန်ဒိုအသစ်များကို အဓိကထား ဝယ်ယူကြသည်။ စုစုပေါင်း တန်ဖိုး ဘတ် ၅၆.၆ ဘီလီယံကျော်ဖိုး အရောင်းဖွင့်ခဲ့သည်။
၎င်းသုံးလပတ်တွင် ဘန်ကောက်ထက် အဓိက ခရီးသွားနေရာများတွင် ကွန်ဒိုတိုက်ခန်းများ အရောင်းဖွင့်မှု ပိုများလာခြင်းကို ပထမဆုံးအကြိမ် ကြုံရခြင်း ဖြစ်သည်ဟု အိမ်ခြံမြေအတိုင်ပင်ခံ Colliers Thailand မှ သုတေသနဌာန ဒါရိုက်တာ Phattarachai Taweewong က ပြောသည်။
ပတ္တယား
သုံးလပတ်အတွက် ကွန်ဒိုရောင်းချမှု အများဆုံးမှာ ပတ္တယားတွင်ဖြစ်ပြီး ဘတ် ၁၆ ဘီလီယံတန်ဖိုးရှိ ယူနစ်ပေါင်း ၄၄၉၃ ခု အရောင်းဖွင့်ခဲ့ရာ၌ အများစုမှာ အကြီးစား စီမံကိန်းများ လုပ်ကိုင်သော developer များဖြစ်ပြီး AssetWise နှင့် Origin Property တို့ပါဝင်သည်။
Colliers သည် ယခုနှစ် ကျန်ရှိသည့် လများတွင် ကွန်ဒိုအသစ်များတွင် အများစုကို ပြည်တွင်း developer များမှ လုပ်ကိုင်မည်ဟု ခန့်မှန်းထားသည်။
ကွန်ဒိုအခန်းများကို ကိုယ်တိုင် အသုံးပြုရန်နှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဝယ်ယူကြခြင်းအပြင် အငှားချရန်အတွက်လည်း ဝယ်ယူကြသည်။
“တရုတ်နဲ့ ရုရှား တချို့က သူတို့လူမျိုးအချင်းချင်း ငှားရမ်းဖို့အတွက် စီမံကိန်းတခုလုံးမှ ရသမျှ အခန်း အကုန်လုံး ဝယ်ယူကြတယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ်ကုန်အထိ ပတ္တယားတွင် ကွန်ဒိုအခန်းအသစ် ၇,၀၀၀ အထိ ရှိလိမ့်မည်ဟု Colliers က ခန့်မှန်းထားသည်။
ဖြစ်သင့်သည်မှာ တနှစ်လျှင် အခန်း ၃,၀၀၀ မှ ၅,၀၀၀ အထိဟု Mr Phattarachai က အကြံပြုသည်။
"ဒီပမာဏထက် ကျော်လွန်သွားရင်တော့ စျေးကွက်က နှစ်စဉ် အခန်းအသစ် တသောင်းကျော် ထွက်ရှိခဲ့တဲ့ ၂၀၁၃-၁၄ တုန်းကလို ရောင်းလိုအား ပိုများနေတဲ့ အနေအထားကို ပြန်ရောက်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။
ထိုစဉ်က စျေးကွက်ထဲ ပိုလျှံနေသော အခန်းများ ရောင်းချနိုင်ရန် နှစ်အတန်ကြာ အချိန်ယူခဲ့ရသည်။
ဖူးကက်
ဖူးခက်သည် စီမံကိန်း ၁၂ ခုမှ ကွန်ဒိုတိုက်ခန်းသစ်များ ၃,၃၃၈ ခန်း အလျှံပယ် တွေ့ရသည့် အခန်းအသစ် ဒုတိယအများဆုံးနေရာဖြစ်ပြီး စုစုပေါင်း ဘတ် ၂၅ ဘီလီယံဖိုး ရှိသည်။ ယမန်နှစ် ၂၀၂၃ က စံချိန်တင် အခန်းသစ် ၈,၄၇၃ ခန်း အရောင်းဖွင့်ခဲ့သည်။
၂၀၂၂ တွင် အရောင်းဖွင့်ခဲ့သည့် ၁,၄၁၉ ခန်းထက် ၆ ဆ ရှိသည်။
ယခုနှစ်ကုန်အထိ ကွန်ဒိုအခန်းသစ် ၈,၅၀၀ အထိ အရောင်းဖွင့်ကြလိမ့်မည်။
"ကပ်ရောဂါမဖြစ်ခင်က တစ်စတုရန်းမီတာ ဘတ် ၁၂၀,၀၀၀ နှင့်အထက် ရောင်းချတဲ့သကွန်ဒိုအခန်းဆိုတာ ဖူးခက်မှာ အလွန်ရှားပါတယ်။ အခုတော့ ပုံမှန်ဈေးက တစ်စတုရန်းမီတာ ဘတ် ၁၅၀,၀၀၀ မှ ၁၈၀,၀၀၀ ကြား ရှိပါတယ်” ဟု Mr Phattarachai က ပြောသည်။
ဘန်ကောက်
ဘန်ကောက်တွင် ၂၉၂၄ ခုနှစ် ပထမသုံးလပတ်မှာ ကွန်ဒိုအခန်းအသစ် ၃,၂၂၈ ခန်း အရောင်းဖွင့်ခဲ့သည်။ ပြီးခဲ့သည့် ၂၅ နှစ်တာတွင် အနည်းဆုံး အရေအတွက်ဖြစ်သည်။
"ဘန်ကောက်ကွန်ဒိုဈေးကွက်က ၂၀၂၃ ခုနှစ် တတိယသုံးလပတ်ကတည်းက အရောင်း နှေးသွားခဲ့ပါတယ်"ဟု Colliers အကြံပေးဝန်ဆောင်မှုဌာနမှ အိမ်ခြံမြေလေ့လာသူ Supasit Vitooraporn က ပြောကြားသည်။
အဓိကပြဿနာများထဲမှ တစ်ခုမှာ ဘဏ်ချေးငွေ လျှောက်ထားရာ၌ ပယ်ချခံရခြင်း ဖြစ်သည်။ အထူးသဖြင့် ဈေးနှုန်း ဘတ် ၃ သန်းနှင့်အောက် အခန်းများတွင် ၇၀% သည် ဘဏ်ချေးငွေ ပယ်ချခံရသည်ဟု Mr Supasit က ပြောသည်။
Source Bangkokpost
#ConstructionIndustryGuide
Comments
Post a Comment