၁၀ နှစ်ကြာ သိမ်းဆည်းထားသည့် ဆန်ကိစ္စ ဆန်စပါးသိပ္ပံဌာနမှ ဆောင်းပါး ရေးသားတင်ပြ
ထိုင်းနိုင်ငံတွင် သိုလှောင်ရုံများ၌ ၁၀ နှစ်ကြာ သိမ်းဆည်းထားသည့် ဆန်ကိစ္စနှင့် ပတ်သက်၍ ဆန်စပါးသိပ္ပံဌာနမှ လုပ်ဆောင်နေသော အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဒေါက်တာ Apichat Wannawijit နှင့်အဖွဲ့က ဆောင်းပါးတစ်ပုဒ်ကို စနေနေ့တွင် ထုတ်ဝေခဲ့ပြီး ဆန်ကို အကောင်းဆုံး အခြေအနေများအောက်တွင် စနစ်တကျ သိမ်းဆည်းပါက ဘေးကင်းနိုင်ကြောင်း ဖော်ပြခဲ့သည်။
သို့သော် စားသုံးခြင်းမပြုမီ အကြောင်းရင်းများစွာကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုသည်။
ဆန်သိုလှောင်ပုံ
ဆန်ကို အလင်းရောင်နှင့် အစိုဓာတ်တို့နှင့် ကင်းဝေးသော အေး၍ ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းသင့်သည်။
အကောင်းဆုံးမှာ လေဟာနယ် သို့မဟုတ် အောက်ဆီဂျင်နည်းသောနေရာမှာ သိမ်းဆည်းထားသင့်ပါသည်။ သို့မှသာ ကြာကြာအထားခံပြီး ကောင်းမွန်သော အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်။
ယင်းအခြေအနေများနှင့် မကိုက်ညီပါက ဆန်အရည်အသွေး ကျဆင်းသွားနိုင်သည်။
ဦးစွာ စစ်ဆေးခြင်း
ပုံမှန်မဟုတ်သော အနံ့ဆိုးများ၊ အရောင်ပြောင်းခြင်း၊ ဆန်ပိုးထိုးနေခြင်းများ သို့မဟုတ် မှိုများ ရှိနေခြင်း ကဲ့သို့သော ယိုယွင်းသော လက္ခဏာများကို ဦးစွာစစ်ဆေးရန် စားသုံးသူများအား အကြံပြုအပ်ပါသည်။
၎င်းလက္ခဏာတို့အနက် တခုခု တွေ့ရှိလျှင် မစားသင့်ပါ။
အာဟာရ လျော့ကျနိုင်ဖွယ်ရှိ
ဆန်ကို ကောင်းစွာ သိမ်းဆည်းထားသော်လည်း အချိန်အကြာကြီး သိမ်းဆည်းထားလျှင် အာဟာရတန်ဖိုး ကျဆင်းသွားနိုင်သည်။ ဥပမာ thiamine (ဗီတာမင် B1) ကဲ့သို့သော ဗီတာမင်များ ဆုံးရှုံးနိုင်ပါသည်။
ထို့ကြောင့် အချိန်ကြာမြင့်စွာ သိမ်းဆည်းထားသော ဆန်ကို စားသုံးနိုင်သော်လည်း အာဟာရ အကျိုးကျေးဇူးများ လျော့နည်းသွားနိုင်သည်။
သိုလှောင်ထားသောဆန်သည် ၎င်း၏ ကစီဓာတ်ဖွဲ့စည်းပုံ (ပုံဆောင်ခဲပုံသဏ္ဍာန်) အပြောင်းအလဲကို ကြုံတွေ့ရသည်။
ရေကို ယခင်ကနှင့်မတူတော့ဘဲ ပိုမိုစုပ်ယူနိုင်ပါသည်။ ကစီဓာတ် ဆုတ်ယုတ်မှုကို ဖြစ်ပွားစေနိုင်သည်။ ဆန်စေ့ အသားပွနေနိုင်သည်။
ထို့အပြင် ဆန်သည် အရောင်နှင့် အနံ့ ပြောင်းလဲသွားနိုင်သည်။ ဥပမာအားဖြင့် ဆန်ရနံ့ ပျောက်နိုင်သည်။ ထမင်းချက်စားသောအခါ ပိုမာဆတ်ဆတ်ဖြစ်နေပြီး ကြေလွယ်သည်။ ထမင်းကို စားသုံးသည့်အခါ အရသာ ဖွယ်တယ်တယ် ဖြစ်နေနိုင်သည်။ စားသုံးပြီးသည့်အခါ ကျေနပ်အားရ မဖြစ်။ တင်းတိမ်မှုမရ ဖြစ်နေနိုင်သည်။
သို့သော် ခံနိုင်ရည်ရှိစေသော အာဟာရဓာတ် ဂုဏ်သတ္တိများ ရရှိရန် စားသုံးမည် ဆိုပါက ၎င်းဆန်သည် အသုံးတည့်နိုင်ပါသည်။
အဆိပ်သင့်နိုင်
ကြာမြင့်စွာ သိုလှောင်ထားသော အချိန်အတွင်း ပိုးနှင့် မှို ကာကွယ်ခြင်းကို ပိုးသတ်ဆေးများဖြင့် အကြိမ်များစွာ ပြုလုပ်ရန် လိုအပ်သည်။ ဓာတုပစ္စည်းများ လုံးဝကုန်သည်အထိအငွေ့ပျံခြင်း မပြုပါက ဓာတုအကြွင်းအကျန်များ ရှိနေလိမ့်မည်။
ပိုးမွှားများ၊ ဆန်ပိုးများ သို့မဟုတ် မှိုများကို ကာကွယ်ရန် မီသိုင်းဘရိုမိုက်နှင့် အလူမီနီယမ်ဖော့စဖိုက် (ဖော့စဖင်း) အပါအဝင် ဓာတုပစ္စည်းများဖြင့် သိုလှောင်ရုံမှာ ပိုးသတ်သည့်အတွက် ပိုးသတ်ဆေး အကြွင်းအကျန်များကို ဆန်မှာ ရှိနေနိုင်သည်။
သိုလှောင်ထားသော ဆန်များသည် aflatoxins နှင့် ochratoxin A ကဲ့သို့သော mycotoxins ထံမှ ဓာတုဗေဒ ညစ်ညမ်းခြင်းများ ဖြစ်ပွားနိုင်သည်။ ၎င်းတို့ကြောင့် အသည်းရောင်ရောဂါ၊ ခုခံအား ကျဆင်းမှုနှင့် ကင်ဆာကဲ့သို့သော ရောဂါများကို ဖြစ်စေနိုင်သည်။
အထူးသဖြင့် ဆန်ကို ကောင်းစွာ မသိမ်းဆည်းပါက အဆိုပါဓာတ်များ ညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
ထိုင်ဝမ်တွင် ခေါက်ဆွဲများမှာ bongkrekic acid (BKA) အဆိပ်အတောက်များကို မကြာသေးမီက တွေ့ရှိခဲ့သည်။ BKA ကြောင့် ထိုင်ဝမ်စားသုံးသူ ၂ ဦး သေဆုံးခဲ့သည်။ ထိုအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။
BKA သည် ဆန်အပါအဝင် အပင်ငယ် အမျိုးအစားများစွာတွင် ရောဂါဖြစ်စေသော Burkholderia ဘက်တီးရီးယားမိသားစုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ၁၀ နှစ်ကြာ သိမ်းဆည်းထားသည့် ဆန်များမှာလည်း အလားတူ ဖြစ်နိုင်ချေ ရှိသည်။
မူဝါဒ ပြန်လည်သုံးသပ်သင့်
အစိုးရအနေဖြင့် ကာလရှည်ကြာ သိမ်းဆည်းထားသည့် ဆန်များကို စားသုံးရန် ရောင်းချမည့် မူဝါဒကို ပညာရှင်အများအပြား ပြုစုထားသော အကြောင်းရင်းများ အားလုံးဖြင့် ပြန်လည်သုံးသပ်သင့်သည်။
သုတေသီများကို အစားအသောက် အန္တရာယ်နှင့် ဘေးကင်းမှုကို ဂရုတစိုက် အကဲဖြတ်ရန် ခွင့်ပြုပေးသင့်သည်။
လူတစ်ဦးတစ်ယောက်မှ မထိခိုက်စေဘဲ အခြားအကျိုးရှိသော နည်းလမ်းများဖြင့် ၎င်းဆန်များကို အသုံးပြုရန် ဖြစ်နိုင်သော နည်းလမ်းများကို အဆိုပြုတင်ပြခွင့် ပေးသင့်သည်။ ၎င်းနည်းလမ်းများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး စံချိန်စံညွှန်းရှိသည့် ထိုင်းဆန်၏ ဂုဏ်သိက္ခာကို မထိခိုက်စေမည့် နည်းလမ်းများလည်း ဖြစ်ပါသည်။
Source nationthailand
#FoodIndustryGuide
ယခင်တင်ပြချက်
.
.
.
Comments
Post a Comment