"စားအုန်းဆီ မပါ" စာသားကြောင့် ရေခဲမုန့်များ သိမ်းဆည်းအရေးယူ
မလေးရှားနိုင်ငံ ပူထရာဂျာယားရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို ထုပ်ပိုးပစ္စည်းပေါ်တွင် "စားအုန်းဆီ မပါ" ဟု စာသားဖော်ပြထားသည့် ရေခဲမုန့်များ ရောင်းချနေကြောင်း တိုင်စာ ရရှိသဖြင့် မေလ (၂) ရက်နေ့က ရှောင်တခင် စစ်ဆေးခဲ့ပြီး ၎င်းစာသားပါ ရေခဲမုန့်များ ၉၉၇ ရင်းဂစ်ဖိုးကို ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
စားအုန်းဆီ စားသုံးခြင်းသည် ကျန်းမာရေး ထိခိုက်သည်ဟု ယူဆသူများ စိတ်သန့်သန့်ဖြင့် ဝယ်စားရန် "စားအုန်းဆီ မပါ" ဟု ဖော်ပြပေးထားခြင်း ဖြစ်သဖြင့် စားအုန်းဆီကို ခွဲခြားဆက်ဆံနှိမ်ချသည့် တံဆိပ်များဖြင့် ရောင်းချပါက လက်လီရောင်းချသူများ၊ ဖြန့်ဖြူးသူများနှင့် တင်သွင်းသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း စိုက်ခင်းနှင့် ကုန်စည်များ ဝန်ကြီး Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ရာ ဘူမိပူထရာ လက်လီရောင်းချသူများ အသင်း ဥက္ကဋ္ဌ Datuk Ameer Ali Mydin က စားအုန်းဆီထွက်ကုန်များကို ခွဲခြားဆက်ဆံသည့် တံဆိပ်များဖြင့် လက်လီရောင်းချသူက ရောင်းချနေသည်ကို တွေ့ရှိပါက ၎င်းသည် ပထမအကြိမ် မလိုက်နာခြင်းဖြစ်လျှင် ဥပဒေအရ ဒဏ်ကြေး ရင်းဂစ် ၂ သိန်းခွဲအထိ ဒဏ်ရိုက်ခြင်း မပြုသင့်ကြောင်း၊ သတိပေးချက်သာ ပေးသင့်သည်ဟု ၎င်းက ပြောကြားသည်။
မသိလိုက်သဖြင့်သာ ရောင်းချမိခြင်းဖြစ်ပြီး တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ရောင်းချခြင်း မဟုတ်သည်မှာ သေချာသည်။ လက်လီရောင်းချသူသည် ဖြန့်ဖြူးသူများနှင့် လက်ကားရောင်းချသူများထံမှ ကုန်ပစ္စည်း အမျိုးအမည် အများအပြားကို ဝယ်ယူကြသည်။ သိုဖြစ်ရာ လက်လီရောင်းချသူများက ရောင်းချသည့်ပစ္စည်းတိုင်းတွင် ဖော်ပြထားသော စာသားများကို စိစစ်ရန်မှာ လက်တွေ့မကျကြောင်း၊ လက်လီရောင်းချသူကို ဦးမတည်ဘဲ တင်သွင်းသူ၊ ဖြန့်ဖြူးသူကိုသာ ဦးတည်ပြီး အရေးယူသင့်သည်ဟု Ameer က အကြံပြုသည်။
ဝန်ကြီး Johari က လက်လီရောင်းချသူများသည် "စားအုန်းဆီ မပါ" ဟု ဖော်ပြထားသည့် တံဆိပ်ကို ဖယ်ရှားပြီး စားသောက်ကုန်ကို ဆက်လက်ရောင်းချနိုင်ကြောင်း ပြောကြားသည်။
Siurce thestar
Comments
Post a Comment