၁၀ နှစ်ကြာ သိုလှောင်ထားသည့်ဆန်များ ဓာတ်ခွဲစစ်ဆေးမည်
ထိုင်းနိုင်ငံတွင် ၁၀ နှစ်ကြာ သိုလှောင်ထားသည့်ဆန်များကို ထမင်းချက်ပြီး ဝန်ကြီးချုပ်နှင့် ဒုဝန်ကြီးချုပ်တို့က စားကြည့်ခဲ့ကြပြီး ကောင်းမွန်ဆဲဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
ယခုအခါ၌ ဆန်အရည်အသွေးကို စနစ်တကျ ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ပြီးမှ စားသုံးရန် သင့်မသင့် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေသည်ကို တုံ့ပြန်သည့်အနေဖြင့် ဆရာက်သာ သာဝီဆင်က "ဓာတ်ခွဲခန်းစမ်းသပ်မှု လုပ်ဆောင်ဖို့ ယုံကြည်စိတ်ချရတဲ့ အေဂျင်စီတစ်ခုထံ ကျွန်တော်တို့ ပေးပို့ပါမယ်"ဟု စနေနေ့ (မေ ၁၁) တွင် ပြောကြားသည်။
"အရမ်းကာရော မပြောကြပါနဲ့။ ကျွန်တော်တို့က စားသုံးသူ ဘေးကင်းရေးကို အလွန်အရေးကြီးတယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ဆန်ဟောင်းက စားဖို့ စိတ်မချရဘူးဆိုတာ အထောက်အထား ရရင် ကျွန်တော်တို့ မရောင်းပါဘူး။ ဒီအပေါ်မှာ အစိုးရက ပြတ်ပြတ်သားသား ရပ်တည်ထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
၎င်းဆန်များကို အာဖရိက ဆန်ဟောင်းဈေးကွက်သို့ တင်ပို့ရန် စိတ်ကူးထားသည်။
အချို့က အရက်ချက်ရန် အကြံပြုသည်။ အချို့က ရှာလကာရည် ထုတ်လုပ်ရန် အကြံပေးသည်။ စစ်တပ်ရိက္ခာအဖြစ် ဝယ်ယူရန် တိုက်တွန်းသူများလည်း ရှိသည်။ တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောတစီး ဝယ်ယူထားရာ၌ စိုက်ပျိုးရေး ထုတ်ကုန်များဖြင့် ပေးချေနိုင်ကြောင်း သဘောတူထားသဖြင့် ၎င်းဆန်များဖြင့် ပေးချေသင့်ကြောင်း အကြံပြုသူများလည်း ရှိသည်။
ဆန် ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ရန်အတွက် ဆေးသိပ္ပံဌာနသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်သည်။
စမ်းသပ်ကိရိယာကို အသုံးပြု၍ ပဏာမစမ်းသပ်မှုတွင် ဆန်မှာ အဖလက်တော့စင် aflatoxins တွေ့ရှိခဲ့သည်ဟု အော်ဂဲနစ် ဓာတုဗေဒ ကျွမ်းကျင်ပညာရှင် ပါမောက္ခတဦးက ပြောကြားခဲ့သည်။
Aflatoxins သည် စိုက်ပျိုးရေး သီးနှံများတွင် ပုံမှန်တွေ့ရလေ့ရှိသော အဆိပ်အတောက်တမျိုး ဖြစ်ပြီး အသည်းကင်ဆာဖြစ်နိုင်ချေ ပိုများစေသည်။
Aflatoxins ပါဝင်နှုန်းသည် 20 parts per billion (ppb)ထက် မများပါက စားသုံးရန် ဘေးကင်းသည်ဟု ယူဆပါသည်၊
Source Bangkokpost
ယခင်တင်ပြချက်
Comments
Post a Comment