ထိုင်းကွမ်းသီး အိန္ဒိယသို့ တင်ပို့ရန် အခက်အခဲများ ရင်ဆိုင်နေရ
ကွမ်းသီးသည် ထိုင်းနိုင်ငံ၏ ပို့ကုန်ဝင်ငွေရရှိရန် အရေးပါသည်။
ယခုအခါ ထိုင်းနိုင်ငံမှ ကွမ်းသီးပို့ကုန်လုပ်ငန်းရှင်များသည် အိန္ဒိယထံမှ အခွန်စည်းကြပ်မှုများ၊ မြန်မာနိုင်ငံ ပဋိပက္ခများ၏ သက်ရောက်မှုများနှင့် ရင်ဆိုင်နေရသည်။
(၂)
လက်ရှိ ဆွတ်ခူးရာသီတွင် ကွမ်းသီးခြောက် တစ်ကီလိုလျှင် အစိုဓာတ် ပါဝင်မှုအပေါ် မူတည်၍ ၈၊ ၁၀ သို့မဟုတ် ၁၂ ဘတ်ဖြင့် ရောင်းချကြကြောင်း ဖက်တလန်းပြည်နယ်၊ တမော့ခရိုင်မှ ကွမ်းစိုက်ပျိုးသူ တဦးက ပြောသည်။
အစိုဓာတ်နည်းလျှင် စျေးပိုရသည်။
ဖက်တလန်းပြည်နယ် ကောင်းရာခရိုင်မှ ကွမ်းသီးများကို တစ်ကီလိုလျှင် ၁၇ ဘတ်ဖြင့် ပြည်ပသို့ တင်ပို့ပြီး ဆောင်ခလာခရိုင်မှ ကွမ်းသီးများကို တစ်ကီလိုလျှင် ၂၅ ဘတ်ဖြင့် ပြည်ပတင်ပို့သည်။
“အရင်နှစ်တွေက ဘတ် ၅၀ ကနေ ၆၀ အထိ ဈေးတက်တယ်” ဟု တောင်သူတစ်ဦးက ပြောသည်။
ကွမ်းသီး ဈေးကျစေသည့် အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့် အိန္ဒိယနိုင်ငံမှ စည်းကြပ်ခွန်များ မြှင့်တင်ခြင်းတို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် ပို့ကုန်များ အဟန့်အတား ဖြစ်နေစေသည်။ ကုန်သည်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော် ရောက်ရှိစေရန် ပိုမိုများပြားသော အခကြေးငွေ ပမာဏများကို ပေးဆောင်ခိုင်းခြင်းခံရသည်။
“ရလဒ်အနေနဲ့ ကုန်သည်တွေဟာ အခကြေးငွေ ပိုပေးနေရတာကို ထေမိဖို့အတွက် စိုက်ပျိုးသူတွေကို သူတို့ရဲ့ ကွမ်းသီးတွေ စျေးလျှော့ပြီး ရောင်းချခိုင်းပါတယ်"ဟု သတင်းရင်းမြစ်က ပြောသည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံခြားမှ တင်သွင်းသည့် ကွမ်းသီးများကြောင့် ပြည်တွင်း ကွမ်းသီးလုပ်ငန်းများ ထိခိုက်သည်ကို ကာကွယ်ရန်အတွက် ယခုအခါ ပြည်ပမှ ကွမ်းသီး တင်သွင်းမှုကို ကန့်သတ်ထားသည်။
ထိုင်းစိုက်ပျိုးရေးအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဒါရက်စ် ကစ်တီယိုပတ်စ်က ကွမ်းသီး အစိမ်းနှင့် ကွမ်းသီးခြောက်များ တင်ပို့မှုသည် ယမန်နှစ်က ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလီယံဖိုးရှိကြောင်း ဘန်ကောက်ပို့စ်သို့ ပြောကြားသည်။
ထုတ်ကုန်တစ်ဝက်ကျော် ၅၄.၆% ကို မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ ဗီယက်နမ်သို့ ၁၈.၆%၊ ဘင်္ဂလားဒေ့ရှ်သို့ ၁၁.၉%၊ အိန္ဒိယသို့ ၇.၃% တင်ပို့ခဲ့သည်ဟု သူမက ပြောကြားသည်။
မြန်မာနိုင်ငံသို့ တင်ပို့မှုမှာ ကွမ်းသီးခြောက်ဖြစ်ပြီး အများစုမှာ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ပြန်လည်တင်ပို့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ ကွမ်းသီးတင်သွင်းမှုကို ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက ပိတ်ပင်ခဲ့သဖြင့် ထိုင်းကွမ်းသီးများ မြန်မာနိုင်ငံသို့ တင်ပို့မှု ထိခိုက်စေသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကွမ်းသီးများကို အများဆုံးထုတ်လုပ်ပြီး အများဆုံးတင်သွင်းသည့်နိုင်ငံလည်းဖြစ်ကြောင်း သူမက ပြောသည်။
လက်ရှိတွင် အိန္ဒိယသည် ကွမ်းသီးတင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှုမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈,၁၄၀ ဖြစ်ပြီး အခြေခံ သွင်းကုန်ခွန်မှာ သွင်းကုန်တန်ဖိုး၏ ၁၀၀% ဖြစ်သည်။
ကွမ်းသီး၏ insurance and freight (CIF) တန်ဖိုးသည် တစ်ကီလိုဂရမ် ၃၅၁ ရူပီးအောက် ဆိုပါက တင်သွင်းခွင့် တားမြစ်ထားပြီး ခြွင်းချက်မှာ ပြည်တွင်းဈေးကွက်တွင် ပြန်လည် ရောင်းချခြင်း မပြုဘဲ ပြည်ပပြန်လည် တင်ပို့ရန် တင်သွင်းလျှင် ခွင့်ပြုထားသည်။
အာဆီယံ-အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၊ ထိုင်း-အိန္ဒိယလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်နှင့် ထိုင်းနှင့်အိန္ဒိယအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအမံများအရ ထိုင်းကွမ်းသီးများ အိန္ဒိယသို့ တင်သွင်းမှုအပေါ် ဖြေလေိာ့ပေးရန် ထိုင်းအစိုးရက အိန္ဒိယအစိုးရနှင့် ဆွေးနွေးသင့်သည်ဟု ၎င်းက ပြောသည်။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရှနှင့် အာဖရိကတို့မှ ရွှေ့ပြောင်းနေထိုင်သူများကြောင့် ကွမ်းသီး ဝယ်လိုအား ရှိနေသော ယူကေနှင့် ယူအေအီး ကဲ့သို့သော စျေးကွက်သစ်များသို့ ကွမ်းသီးများ တင်ပို့ရန် ထည့်သွင်းစဉ်းစားသင့်သည်ဟု သူမက ဆိုသည်။
Source Bangkokpost
#FoodIndustryGuide
Comments
Post a Comment