ဆန်တန်ချိန် တစ်သန်း တင်ပို့ရန် ရည်မှန်းချက်ကို ၂၀၂၅ ခုနှစ်ဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ချမှတ်
ကမ္ဘောဒီးယားသည် ဧပြီလတွင် ဆန် ၈၂,၄၉၁ တန် တင်ပို့ခဲ့ပြီး ဆန်ပို့ကုန်ဝင်ငွေ
ကန်ဒေါ်လာ ၄၆ ဒသမ ၆ သန်း ရရှိခဲ့သည်။
ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် Cambodia Rice Federation(CRF)မှ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမလေးလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကန်ဒေါ်လာ ၁၇၀ ဒသမ ၂ သန်းတန်ဖိုးရှိ ဆန် ၂၄၈,၄၉၁ တန် တင်ပို့ခဲ့သည်။
၎င်းလေးလအတွင်း တရုတ်နိုင်ငံသည် ကန်ဒေါ်လာ ၄၂ ဒသမ ၂၈ သန်းတန်ဖိုးရှိ ဆန် ၆၇,၄၅၇ တန်ကို ဝယ်ယူခဲ့ပြီး ကမ္ဘောဒီးယားဆန် အများဆုံးဝယ်ယူသူ ဖြစ်သည်။
ဥရောပ ၂၆ နိုင်ငံသို့ ဆန် ၁၀၅,၇၉၉ တန်၊ အာဆီယံ ခုနစ်နိုင်ငံသို့ ၅၇,၇၆၆ တန်၊ အခြားဒေသများသို့ ၂၁,၄၆၉ တန် တင်ပို့ခဲ့သည်။
ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများမှာ ဆန်မွှေး၊ တန်လုံးရှည်ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်တို့ဖြစ်ပြီး ဆန်မွှေးတင်ပို့မှုသည် စုစုပေါင်းဆန်တင်ပို့မှု၏ ၇၃ ရာခိုင်နှုန်း ရှိသည်။
ကမ္ဘောဒီးယားနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ ကန်ဒေါ်လာ ၆၉၃ သန်းတန်ဖိုးရှိ စပါးတန်ချိန် ၂ ဒသမ ၄၁ သန်း တင်ပို့ခဲ့သည်။
ကမ္ဘောဒီးယားသည် နှစ်စဉ် စပါးတန်ချိန် ၁၂ သန်းကျော်၊ ဆန်တန်ချိန် ခုနစ်သန်းကျော် ထုတ်လုပ်သည်။ ပြည်တွင်းဝယ်လိုအားထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အတွင်းရေးမှူး ယန်ဆိုင်းကိုမ က ပြောသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန်ချိန် တစ်သန်းတင်ပို့ရန် ရည်မှန်းချက်ထားခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုနီးပါးကြာသည့်တိုင် အဆိုပါရည်မှန်းချက်ကြီးသည် မအောင်မြင်သေးပေ။
သို့ဖြစ်ရာ CRF သည် အနည်းဆုံး ဆန်တန်ချိန် တစ်သန်း တင်ပို့ရန် ရည်မှန်းချက်ကို ၂၀၂၅ ခုနှစ်ဟု ချမှတ်ထားသည်။
ပြီးခဲ့သောလေးနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ကမ္ဘာ့ဈေးကွက်သို့ ဆန်တင်ပို့မှုသည် တစ်နှစ်လျှင် တန်ချိန် ၆ သိန်းကျော်သာ ရှိခဲ့သည်။
• ၂၀၂၁ တွင် ၆၁၇,၀၆၉ တန်
• ၂၀၂၂ တွင် ၆၃၇,၀၀၄ တန်
• ၂၀၂၃ တွင် ၆၅၆.၄၂၃ တန်
တင်ပို့ခဲ့ပါသည်။
Source khmertimeskh
#FoodIndustryGuide
Comments
Post a Comment