ဆမ်ဆောင်း ချစ်ပ်လုပ်ငန်းကဏ္ဍ တနှစ်ကျော် အရှုံးပေါ်ခဲ့ရာမှ အမြတ်ပြန်ရ

စမတ်ဖုန်း ထုတ်လုပ်မှုနှင့် မှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်မှုတို့တွင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီဖြစ်သည့် Samsung Electronics သည် ယခုနှစ် ဇန်နဝါရီမှ မတ်အထိ ၃ လတာတွင် လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၆.၆ ထရီလီယံ (ကန်ဒေါ်လာ ၄.၈ ဘီလီယံ) ရရှိခဲ့သည်။ 


အရောင်းဝင်ငွေ ဝမ် ၇၁.၉ ထရီလီယံ ရရှိခဲ့ပြီး အသားတင်အမြတ် ဝမ် ၆.၇၅ ထရီလီယံ ရရှိခဲ့သည်။


၎င်း၃လတာတွင် သုတေသနနှင့် ဖွံ့ဖြိုးရေးအတွက် ဝမ် ၇.၈၂ ထရီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။ 


၎င်း၃လတာတွင် ချစ်ပ်လုပ်ငန်းကဏ္ဍ အရောင်းဝင်ငွေ ဝမ် ၂၃.၁ ထရီလီယံ ရရှိခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၁.၉၁ ထရီလီယံ ရရှိခဲ့သည်။ ၂၀၂၂ ခုနှစ် စတုတ္ထ၃ လပတ်နောက်ပိုင်း ပထမဆုံးအကြိမ် အမြတ်ပြန်လည် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ၃ လပတ် ၅ ခု ဆက်တိုက် အရှုံးပေါ်ခဲ့ရာ လုပ်ငန်းလည်ပတ်မှု အရှုံးပမာဏ စုစုပေါင်း ဝမ် ၁၅ ထရီလီယံ ကျော်သွားခဲ့ပါသည်။


ဉာဏ်ရည်တု AI အတွက် မှတ်ဉာဏ်ချစ်ပ် လိုအပ်ချက် လွန်စွာမြင့်မားလာသဖြင့် ရောင်းအား မြင့်တက်ပြီး အမြတ်ရရှိခဲ့ခြင်း ဖြစ်ပါသည်။ 


စမတ်ဖုန်းကဏ္ဍတွင် အရောင်းဝင်ငွေ ဝမ် ၃၃.၅ ထရီလီယံ ရရှိခဲ့ပြီး လုပ်ငန်းလည်ပတ်မှုအမြတ် ဝမ် ၂.၅ ထရီလီယံ ရရှိခဲ့သည်။

AI ပါသည့် နောက်ဆုံးထုတ် Galaxy S24 စီးရီး စမတ်ဖုန်းများ ရောင်းအား ကောင်းခဲ့ပါသည်။ 

၎င်း၃လတာတွင် စမတ်ဖုန်း အလုံးရေ သန်း ၆၀၊ တက်ဘလက်အလုံးရေ ၇ သန်း တင်ပို့ခဲ့ပါသည်။ စမတ်ဖုန်းတလုံး ပျမ်းမျှရောင်းဈေး $336 ဖြစ်ပါသည်။


Galaxy Z Fold 6, Galaxy Z Flip 6 စမတ်ဖုန်းများ၊ Galaxy Ring စမတ်လက်စွပ်တို့ လာမည့် လပိုင်းအတွင်း စတင်ရောင်းချမည်ဖြစ်ပြီး ရောင်းအား ကောင်းမည်ဟု မျှော်လင့်ထားပါသည်။ ၂၀၂၄ ပါရီ အိုလံပစ် မတိုင်ခင် ဇူလိုင် လဆန်းပိုင်းတွင် စတင်ရောင်းချမည်ဟု သတင်းထွက်ပေါ်ပါသည်။

Source Yonhap

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်