၁၀ နှစ်သက်တမ်းရှိ ထိုင်းဆန် တန်ချိန် ၁၅,၀၀၀ လေလံတင်မည်
ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ၏ အစိုးရလက်ထက်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည့် ဆန်စပါး ကတိကဝတ် အစီအစဉ်သည် ထိုင်းသမိုင်းတွင် အကြီးမားဆုံး ဆန်ဈေးကွက်ထဲ အစိုးရ ကြားဝင်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် အစိုးရက လယ်သမားများထံမှ စပါးများကို ပထမအကြိမ်ဝယ်ယူသည့်အပေါ် ပမာဏ ကန့်သတ်ချက် တစ်စုံတစ်ရာ မသတ်မှတ်ဘဲ ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးပြီး ဝယ်ယူခဲ့သည်။
သို့ဖြစ်ရာ အစိုးရသည် ဘတ် ဘီလီယံ ရာနှင့်ချီ ဆုံးရှုံးခဲ့ရသည်။
ယင်လပ်သည် ၂၀၁၇ ခုနှစ်တွင် ပြည်ပသို့ တိမ်းရှောင်ခဲ့ရာ ယခုအထိ ပြည်ပမှာ တိမ်းရှောင်နေဆဲ ဖြစ်သည်။
အကျင့်ပျက်ခြစားမှုများဖြင့် ဆန်ရောင်းဝယ်မှုများ ပြုနေကြသည်ကို ဟန့်တားရန် ပျက်ကွက်သည့်အတွက် တရားရုံးချုပ်က သူမအား ထောင်ဒဏ်ငါးနှစ် ချမှတ်ထားသည်။
၂၀၁၄ ခုနှစ် မေလတွင် အစီအစဉ် အဆုံးသတ်ချိန်၌ အစိုးရ ဝယ်ထားသည့်ဆန်များ တန်ချိန် ၁၈ ဒသမ ၆ သန်းခန့် ကျန်ရှိခဲ့သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရက
ဆန်တန်ချိန် ၁၇.၈ သန်း (လက်ကျန်ဆန် စုစုပေါင်း၏ ၉၅.၇%)ကို ရောင်းချခဲ့ပြီး ဘတ် ၁၄၆ ဘီလီယံခန့် ဝင်ငွေရရှိခဲ့သည်။
မေလဆန်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က အရှုံးပေါ်ခဲ့သော ဆန်များမှ လက်ကျန် ဆန်တန်ချိန် ၁၅,၀၀၀ ကို အစိုးရမှ လေလံတင်ရောင်းချသင့်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ "ဒါမှ အစိုးရက ၀င်ငွေတချို့ ပြန်ရနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
Mr Phumtham က လေလံပွဲသည် ဘတ် သန်း ၂၇၀ ခန့်ရရှိမည်ဟု မျှော်လင့်ရပြီး ဆန်များ ရောင်းထုတ်လိုက်သည့်အတွက် လစဉ် သိုလှောင်မှုစရိတ်စကများ ဘတ် ၃၈၀,၀၀၀ အထိ အစိုးရက အကုန်အကျခံပေးနေရခြင်းလည်း သက်သာသွားမည်ဟု ပြောကြားသည်။
၎င်းဆန်များကို အာဖရိကသို့ တင်ပို့ရန် မျှော်လင့်ထားကြောင်း ၎င်းက ပြောသည်။
၎င်းဆန်များကို ဆူရင်မြို့ရှိ ဂိုဒေါင်နှစ်ခုတွင် ၁၀ နှစ်ကြာ သိုလှောင်ထားခဲ့ရာ၌ ဆန်များကို ဂရုတစိုက် ထိန်းသိမ်းထားခဲ့ပြီး မကြာခဏ ပိုးသတ်ပေးးခဲ့ကြောင်း၊ သိုလှောင်ရုံများအတွင်း ပိုးမွှားများနှင့် မိုးရေများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အလုံပိတ်ထားကြောင်း Mr Phumtham က ပြောကြားခဲ့သည်။
ဆန်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ကာလအတွင်း ပိုးသတ်ခြင်းကို ကြိမ်ဖန်များစွာ ပြုခဲ့သည်။ ဆန်သည် အခြေအနေကောင်းပုံပေါက်နေသော်လည်း ပိုးသတ်ဆေး အကြွင်းအကျန်များ ကျန်ရှိနေနိုင်သည်ဟု ဝေဖန်သူများက စောဒကတက်ကြသည်။
ဆန်ကို နှစ်လတစ်ကြိမ် ပိုးသတ်ရန် လိုအပ်သဖြင့် ဆန်ပိုးသတ်သည့် စက်ဝန်းများတွင် ပိုးသတ်ကြိမ်ရေ အနည်းဆုံး ၆၀ ရှိထားသည့် ဆန်သည် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေမည်ဟု ဝေဖန်သူများက ယူဆကြသည်။
ပြည်ပဈေးကွက်များတွင် နာမည်ကောင်း ရထားသည့် ထိုင်းဆန်၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကိုလည်း ဝေဖန်သူများက စိုးရိမ်နေကြသည်။
ယခုအခါ ၎င်းဆန်များကို လေလံတင်ရောင်းချမည့် အစီအစဉ်အတွက် ဆန်များကို နမူနာရယူပြီး ဓာတ်ခွဲခန်းစမ်းသပ်မှု ပြုခဲ့ရာ တွေ့ရှိရသည့် ရလဒ်အရ ဆန်သည် စားသုံးရန်ဘေးကင်းဆဲဖြစ်ကြောင်း သိရပြီးနောက် ဆန်များကို လေလံတင်ရောင်းချမည့် အစီအစဉ်အား ထိုင်းအစိုးရက ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ယခင်တင်ပြချက်
ဆန်နမူနာများကို ပုဂ္ဂလိကမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးကပုဂ္ဂလိကဓာတ်ခွဲခန်းတခုထံ ပေးပို့ခဲ့သည်။
ဆန်နမူနာများကို ဆေးသိပ္ပံဌာန Department of Medical Sciences(DMSc) သို့လည်း ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ခဲ့သည်။
DMSc ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Yongyot Thammavudhi က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆန်နမူနာများကို ဌာနအနေဖြင့် စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ရလဒ်ကို တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။
၎င်းဆန်များသည် စားသုံးရန် အန္တရာယ်ကင်းသော်လည်း ဆန်ပိုးအသေများကို ဦးစွာ သန့်စင်ရန် လိုအပ်သည်ဟု DMSc က မှတ်ချက်ပြုသည်။
Yongyot က ၎င်း၏ဌာနသည် စားသုံးရန် ဘေးကင်းမကင်း ဆုံးဖြတ်ရန်အတွက် စီးပွားကူးသန်းဝန်ကြီးဌာနထံမှ ဆန်နမူနာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ဌာနမှ စံစစ်ဆေးမှုနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုခဲ့ရာ ဆန်များသည် စျေးများတွင် ရောင်းချလျက်ရှိသော ဆန်များကဲ့သို့ပင် ပုံမှန်အာဟာရဓာတ်များ ပါဝင်နေဆဲဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း၊ aflatoxin အပါအဝင် မှိုက ထုတ်သည့် အဆိပ်အတောက်များ ကင်းစင်ကြောင်း၊ ပိုးသတ်သည့် ဓာတုပစ္စည်းများမှ အကြွင်းအကျန် မရှိကြောင်း ပြောကြားသည်။
အီတလီနိုင်ငံသို့ ခရီးထွက်နေသည့် Mr Phumtham က ဆူရင်မှာ သိုလှောင်ထားသည့် ဂိုဒေါင်နှစ်ခုမှ ဆန်နမူနာများကို ပုဂ္ဂလိကဓာတ်ခွဲခန်းတစ်ခုက စမ်းသပ်ခဲ့ရာ ဆန်တွင် အသည်းကင်ဆာ ဖြစ်နိုင်ခြေ တိုးစေတတ်သည့် aflatoxins နှင့် အခြားဓာတုအကြွင်းအကျန်များ ကင်းစင်ကြောင်း သိရသဖြင့် လေလံပွဲအတွက် ပြင်ဆင်ရန် Public Warehouse Organisationအဖွဲ့အား ညွှန်ကြားထားသည်ဟု ပြောကြားသည်။
ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က ၎င်းဆန်များ ပို့ကုန်အတွက် သင့်လျော်မှုရှိမရှိ စစ်ဆေးရန် အစိုးရအနေဖြင့် ကြားနေအေဂျင်စီတစ်ခုထံ ပေးပို့လိုကြောင်း ပြောကြားခဲ့သည်။
“ဝယ်လက်တွေက ကျွန်တော်တို့ကို ဆန်ရဲ့ အရည်အသွေးကို စစ်ဆေးချင်တယ်ဆိုရင်တော့ စစ်ဆေးပေးဖို့ အသင့်ပါပဲ။ အခြေအနေကောင်းပြီး ဓာတုညစ်ညမ်းမှု ကင်းစင်တဲ့ ဆန်တွေဖြစ်တာကြောင့် ဈေးကောင်းရမှာပါ" ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
Source Bangkokpost
#FoodIndustryGuide
Comments
Post a Comment