ကျောက်မီးသွေးတင်သင်္ဘော Ohshu Maru ကို ဖိလစ်ပိုင် ဖမ်းဆီး
ဖိလစ်ပိုင် အာဏာပိုင်များသည် ဂျပန်သင်္ဘောလိုင်းကြီး NYK မှ ချာတာငှားရမ်း ရယူပြီး ပြေးဆွဲသည့် လိုက်ဘေးရီးယား မှတ်ပုံတင် တန်ချိန် ၉၂,၀၀၀ အရွယ်အစားရှိ ၂၀၁၁ တွင် တည်ဆောက်ပြီးစီးသော ကျောက်မီးသွေးတင်သင်္ဘော Ohshu Maru ကို ဖမ်းဆီးထားသည်မှာ တပတ် ရှိပြီ ဖြစ်သော်လည်း မည်သို့ ဆက်လက်အရေးယူ ဆောင်ရွက်ရမည်မသိ ဖြစ်နေကြသည်။
ဧပြီလ ၂၂ ရက်တွင် ဖိလစ်ပိုင် ရေပိုင်နက်ထဲ မျောထားသည်ကို တွေ့ရှိခဲ့ပြီး ရေကြောင်း ဥပဒေအရ ၂၄ နာရီ အတွင်း သတင်းပို့ရန် ပျက်ကွက်ခဲ့သည်။ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်သည် သင်္ဘောနှင့် ရေဒီယို ဆက်သွယ်မှု ပြုသော်လည်း အကြောင်း မပြန်ခဲ့ချေ။
(၂)
မေလ ၁ ရက်တွင် ကမ်းခြေစောင့်၊ ရေတပ်၊ အကောက်ခွန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သင်္ဘောပေါ်သို့ သွားရောက် စစ်ဆေးသည်။
မှောင်ခိုကူးသည်ဟု သံသယဖြင့် သင်္ဘောကို ရှာဖွေခိုင်းသည်။ မူးယစ်ဆေးအနံ့ခံသည့် ခွေးတပ်ဖွဲ့ဖြင့်လည်း ရှာဖွေသည်။
သင်္ဘောပေါ်တွင် မှောင်ခိုပစ္စည်းမတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ဝန်ခံခဲ့ပြီး သင်္ဘော၏ စာရွက်စာတမ်းအားလုံးမှာ စနစ်တကျ ရှိသည်။
ကပ္ပတိန်က သင်္ဘောသည် ဂျပန်ဆိပ်ကမ်း Kinuura သို့ ဦးတည် ခုတ်မောင်းနေစဉ် သင်္ဘောချာတာငှားထားသူက ဖိလစ်ပိုင်ပင်လယ်ထဲ ဘေးကင်းသည့်နေရာကို ရှာပြီး သင်္ဘောကို မျောထားရန် ညွှန်ကြားသဖြင့် သင်္ဘောကို မျောထားလိုက်ကြောင်း ရှင်းပြသည်။ သင်္ဘောသည် ဖိလစ်ပိုင်ရေပြင်တွင် အဘယ်ကြောင့်ရှိနေကြောင်း ရှင်းပြထားသည့် တရားဝင် တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင် ရေပိုင်နက်ထဲ မဝင်ခင် အနည်းဆုံး ၃၆ နာရီ ကြိုတင် သတင်းပို့ရန် ပျက်ကွက်သဖြင့် ဥပဒေအရ အရေးယူရန် အာဏာပိုင်တို့က ဆုံးဖြတ်ပြီး ဖမ်းဆီးရန်အမိန့်ကို မေလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သင်္ဘောကို Mindanao သို့ ခုတ်မောင်းစေပြီး ကျောက်ချ ရပ်နားစေသည်။ ယခုအထိ ကျောက်ချထားဆဲ ဖြစ်သည်။
Source gcaptain
#LogisticsIndustryGuide
Comments
Post a Comment