မြန်မာ စက်မှု ကုန်ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဧပြီလတွင် မြင့်တက်လာခဲ့
၂၀၂၄ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI® သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
မြန်မာ စက်မှု ကုန်ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ဧပြီလတွင် မြင့်တက်လာခဲ့
S&P Global မြန်မာ ထုတ်လုပ်မှု PMI®
ဒေတာကို ၂၀၂၄ ဧပြီလ ၀၄-၂၂ ရက်များတွင် စုစည်းခဲ့သည်။
အဓိက တွေ့ရှိချက်များ
• ၂၀၂၃ ဩဂုတ်လမှစပြီး ပထမဦးဆုံး တိုးထုတ်လုပ်လာနိုင်ခြင်း
• ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ခုနစ်လမြောက် အမြင့်ဆုံးသို့ ထိုးတက်သွားခြင်း
• အလုပ်နေရာ ဖြတ်တောက်လျှော့ချခံရခြင်း အရှိန်ပြင်းလျက် ရှိနေသေးခြင်း
S&P Global မှ နောက်ဆုံး PMI စစ်တမ်း ဒေတာအရ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ် အစ ဧပြီလတွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ ထုတ်လုပ်ရေး အခြေအနေများ တည်ငြိမ်လာနေခြင်းကို ပြသနေသည်။
၇ လ ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက်ပိုင်း စက်ရုံ အော်ဒါများနှင့် ထုတ်လုပ်မှု အသစ်တဖန် တိုးလာခြင်းက ဝယ်လိုအား တိုးတက်ကောင်းမွန်လာမှုကို ညွှန်ပြနေပါသည်။ သို့သော်လည်း ထုတ်လုပ်သူတို့သည် ဝန်ထမ်းဦးရေနှင့် ၎င်းတို့၏ အလုပ်ပမာဏများကို ထိန်းသိမ်းထားနိုင်ရန် ထပ်မံပြီး ရုန်းကန်ခဲ့ကြရသည်။
ဈေးနှုန်းများကို ဆန်းစစ်ကြည့်လျှင် ကုန်ကြမ်းဈေးနှုန်းများနှင့် ပို့ဆောင်ခများ မြင့်တက်လာနေချိန်မှာ ဒေါ်လာအတွက် မြန်မာကျပ် ငွေလဲနှုန်း ကျဆင်းလာနေရာ ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာခဲ့သည်။ ရလဒ်အဖြစ် ရောင်းဈေးများ တဟုန်ထိုး မြင့်တက်လာခြင်းကို တွေ့မြင်ရသည်။ သို့ဖြစ်၍ ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ ၇ လတာအတွင်း အားအကောင်းဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။
အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု PMI - ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းသည်- မတ်လ၏ ၄၈.၃ နှင့်နှိုင်းစာလျှင် ဧပြီလတွင် ၄၉.၉ သို့ တက်လှမ်းလိုက်ခြင်းဖြင့် ၄လဆက်တိုက် မြင့်တက်ခဲ့ပါသည်။ နောက်ဆုံး အညွှန်းကိန်း တန်ဖိုးသည် ၇ လအတွင်း မှတ်တမ်းတင်ခဲ့သည့်အထဲတွင် အမြင့်ဆုံးဖြစ်လာပြီး လုပ်ကိုင်မှု အခြေအနေများ ကျယ်ပြန့်စွာ တည်ငြိမ်လာမှုကို ပြသနေသည်။
အရေးအကြီးဆုံး အညွှန်းကိန်း မြင့်တက်လာမှုအတွက် အဓိကအချက်မှာ အော်ဒါအသစ်များ အသစ်တဖန် တိုးရလာခြင်းက ထောက်ပြနေသည့် လက်ရှိ ဝယ်လိုအား ပြန်ကောင်းလာခြင်း ဖြစ်သည်။ စက်ရုံ အော်ဒါများသည် ၈ လအတွင်းမှာ ပထမဦးဆုံးအကြိမ် မြင့်တက်လာခဲ့သဖြင့် ထုတ်လုပ်မှု ထပ်မံတိုးချဲ့ရေးကို လှုံ့ဆော်ပေးခြင်းမှာ လွန်ခဲ့သည့်နှစ် ဩဂုတ်လနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေ စစ်တမ်းမှာ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်း ရှားပါးနေကြောင်းနှင့် ယခင်လများမှ လက်ကျန် ကုန်ကြမ်းသိုလှောင်ကုန်များကို ဆက်လက် အားကိုးနေရခြင်းကို အစီရင်ခံကြသည်။ တချိန်တည်းမှာပင် ထုတ်လုပ်သူတို့သည် ၎င်းတို့၏ ထည့်ကုန် ဝယ်ယူရေးကို ဆက်လက် ချုပ်ထိန်းထားခဲ့ကြရသည်။ အကျိုးဆက်အဖြစ်၊ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး ထည့်ကုန်လက်ကျန်များမှာ ဧပြီလတွင် သိသာသည့် နှုန်းထားဖြင့် ကုန်ခမ်းလာခဲ့သည်။
အလုပ်နေရာများ လျော့ကျလာခြင်းသည် ဧပြီလတွင် ၁၁ လမြောက် ဖြစ်လာသည်။ ထို့အပြင် အလုပ်နေရာများ လျှော့ချရန် ဖြတ်တောက်ခံခဲ့ရသည့် နှုန်းမှာ ၂ နှစ်ခွဲကာလအတွင်းမှာ အားအကောင်းဆုံး ဖြစ်ခဲ့ပါသည်။
စစ်မှုထမ်းရေးဥပဒေက လုပ်သား အလုံအလောက်မရခြင်းကို ဆက်လက်ဖန်တီးနေရာ၌ အလုပ်မှ နှုတ်ထွက်သွားကြသည့် အလုပ်သမားများ ရှိပြီး အများအပြားတို့က မိမိတို့ ဇာတိနေရပ်များသို့ ပြန်ရွှေ့ပြောင်းနေထိုင်ကြသည်။
အလုပ်သမား ရှားပါးမှုသည် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍအတွက် စိုးရိမ်စရာ အချက်တစ်ခု ဖြစ်လာလျက် ကုန်ကြမ်း ပြတ်တောက်မှုများနှင့် မီးပျက်မှုများ ဆက်လက် ရှိနေကြောင်း စစ်တမ်းဖြေဆိုသူတို့က အစီရင်ခံထားကြရာ ထုတ်လုပ်မှု စွမ်းအားအပေါ် ကျရောက်နေသည့်ဖိအားများ ပြင်းထန်လျက် ရှိနေဆဲ ဖြစ်သည်။ မပြီးပြတ်သည့် လက်ကျန် အလုပ်များသည် ဆက်လက် မြင့်တက်လာခဲ့ပြီး ဧပြီလတွင် ပိုပိုများလာသည်မှာ သိသာလာသည်။
ကုန်ကြမ်းရှားပါးမှုများက ပစ္စည်းပေးသွင်းမှု ကြန့်မြင့်ချိန်များ တိုးလာရခြင်း၏ အကြောင်းရင်းဟု ဆိုကြပါသည်။ ထို့အပြင် မကြာမီက လက်နက်ကိုင် ပဋိပက္ခ အရှိန်မြင့်လာခဲ့မှုသည် ကုန်သွယ်ရေး လမ်းကြောင်းများကို ပြတ်တောက်စေခဲ့ပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ် ဖိအားကျရောက်မှုများကို ထပ်တိုးလာစေခဲ့သည်။ သို့သော်လည်း ကြန့်ကြာမှု ဖြစ်ရပ်များမှာ တိုက်ပွဲများ စတင်ခဲ့သော လွန်ခဲ့သည့်နှစ် အောက်တိုဘာလနောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
မြင့်တက်လာသည့် ကုန်ကြမ်းဈေးနှုန်းများ၊ ပို့ဆောင်ရေး စရိတ်များနှင့် အခြေမသာသည် ငွေလဲနှုန်းတို့ကြောင့် ဈေးနှုန်းများအပေါ် အကျိုးသက်ရောက်မှုများသည် ငွေကြေးဖောင်းပွမှု ဖိအားများကို ထပ်တိုးစေသည်။
ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများသည် ၇ လအတွင်းမှာ အားအကောင်းဆုံး နှုန်းဖြင့် မြင့်မားခဲ့သည့်အလျောက် ဒုတိယသုံးပတ် အစပိုင်းတွင် ကုမ္ပဏီများသည် ရောင်းဈေးများကို ထပ်မြှင့်ခဲ့ခြင်းဖြင့် ပိုမိုကုန်ကျသည့် ကုန်ကျစရိတ်များကို ဝယ်ယူသူများ ပခုံးပေါ်သို့ တင်ပေးလိုက်ကြသည်။
ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၇ လအတွင်းမှာ အားအကောင်းဆုံး ဖြစ်နေပါသေးသည်။
နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ စစ်တမ်း ယခင်လမှာ အဆိုးမြင်မှု အမြင့်ဆုံးအဆင့်ကို စက်မှုကဏ္ဍတွင် မှတ်တမ်းတင်ခဲ့သည့်နောက် ဧပြီလတွင် မြန်မာနိုင်ငံ အခြေစိုက် ထုတ်လုပ်သူတို့သည် အကောင်းမျှော်ခဲ့ကြပါသည်။ ကုမ္ပဏီများသည် လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှု တိုးလာမည်ဟု ထပ်မံမျှော်လင့်ကြပါသည်။
ကုန်စည် အသစ်များကို ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို မြှင့်တင်ပေးခြင်းဖြင့် ဝယ်လိုအား အခြေအနေများ တိုးတက်စေမည်ဟု မြန်မာနိုင်ငံမှ ကုန်စည် ထုတ်လုပ်သူတို့ မျှော်လင့်နေကြသည်။ ထိုသို့ ဆိုရသော်လည်း အကောင်းမြင်မှုမှာ အားပျော့လျက် ရှိနေပါသေးသည်။
သုံးသပ်ချက်
အာဆီယံ ကုန်ထုတ်လုပ်မှု PMI ဒေတာကို သုံးသပ်လျက် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသွားသည်မှာ-
မြန်မာနိုင်ငံ စက်မှုထုတ်လုပ်မှုကဏ္ဍရဲ့ အခြေအနေ ကျယ်ပြန့်စွာ တည်ငြိမ်လာမှုဟာ အားတက်စရာ သတင်းကောင်းပါ။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ၇ လတာအတွင်းမှာ ပထမအကြိမ် ပြန်ဦးမော့လာခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတွင်းမှ ထိရှလွယ်တဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေတွေကို ထည့်တွက်ပြောရပါက ဝယ်လိုအား ပြန်လည်အသက်ဝင်လာခြင်းဟာ ရေတိုသာ ဖြစ်နေနိုင်ပါတယ်။
ကုမ္ပဏီများက ၎င်းတို့ရဲ့ လုပ်ငန်းများကို တိုးချဲ့လိုစိတ် အလျဉ်းမရှိကြဘဲ ထည့်ကုန် ကုန်ကြမ်း ၀ယ်ယူမှုများကို လျှော့ချရင်း လက်ထဲ ရှိနေတဲ့ ကုန်ကြမ်းများကိုသာ သိသိသာသာကြီး ထုတ်ယူသုံးစွဲခဲ့ကြပါတယ်။
ဒီထက်ပိုပြောရပါက စစ်ကောင်စီ အစိုးရနှင့် ပုန်ကန်ဆန့်ကျင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဟာ စီးပွားရေးအပေါ်သို့ လေးလံစွာ ဖိစီးလျက် ရှိပါတယ်။
ကုန်သွယ်ရေး လမ်းကြောင်းများ ထိပါးခံခဲ့ကြရတယ်။
အဲဒီအချက်က ထပ်မံဖြည့်ထည့်ရန် ထည့်ကုန်များ ပေးသွင်းမှု ကြာမြင့်ချိန်များကို ပိုရှည်ကြာသွားစေပါတယ်။
အဲ့ဒီအပြင် မကြာမီက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေက ပြည်တွင်းမှာ လူများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းကြခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး အလုပ်သမား ရှားပါးမှုကို များစွာ ပြင်းထန်လာစေခဲ့ပါတယ်။
ခြုံငုံ ကြည့်ပြီး ပြောရရင် တိုင်းပြည်ဟာ ပြည်တွင်းစစ်ကို ဆက်လက်ရင်ဆိုင်ရဖို့ အလားအလာများနေတဲ့အတွက် ထုတ်လုပ်သူတို့ အပေါ်ကျရောက်နေတဲ့ ဖိအားများ ဆက်လက် ပြင်းထန်နေဦးမယ်လို့ ယူဆရပါတယ်။
.
.
Comments
Post a Comment