စင်ကာပူတွင် ကွန်တိန်နာသင်္ဘောများ ဆိုက်ကပ်ရန် တပတ်ခန့်အထိ ကြန့်ကြာ
စင်ကာပူတွင် ကွန်တိန်နာများ သင်္ဘောတင်ပို့မှု နှောင့်နှေးခြင်းသည် မကြာသေးမီရက်သတ္တပတ်များအတွင်း ကွန်တိန်နာ သင်္ဘောများ မလုံလောက်ခြင်းနှင့် ဆိပ်ကမ်းတွင် သင်္ဘောများ များပြားလွန်းနေခြင်းတို့ကြောင့် နှစ်ဆကျော် ပိုကြာလာခဲ့သည်။
ဆိပ်ကမ်းအော်ပရေတာ PSA Singapore က ကြန့်ကြာမှု လျော့ပါးစေရန် သင်္ဘောများ ဆိုက်ရောက်ချိန်နှင့် ကုန်စည်အချက်အလက်တို့ကို သင်္ဘောလိုင်းများထံ ကြိုတင်ဆက်သွယ်ပြီး ရယူပြီး စီမံပေးလျက်ရှိသော်လည်း ကြန့်ကြာမှုများ ဆက်ရှိနေနိုင်ဖွယ်ရှိသည်ဟု PSA မှ ပြောကြားသည်။ တာမင်နယ်များတွင် ကိုင်တွယ်ပေးနိုင်စွမ်းနှင့် စမတ်နည်းပညာများ အသုံးပြုခြင်းကို ဆက်လက်မြှင့်တင်သွားမည်ဟု PSA က ပြောကြားသည်။
စင်ကာပူတွင် ကွန်တိန်နာသင်္ဘောများ စုပြုံရောက်ရှိနေရသည်မှာ ပင်လယ်နီတွင် ဟိုသီစစ်သွေးကြွတို့က သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သုံးနေကျ ဖြတ်လမ်း စူးအက်တူးမြောင်းကို မသုံးဘဲ အာဖရိကတိုက် တောင်ဘက်မှ ကွေ့ပတ်သွားရသဖြင့် ပိုကြာမြင့်ရာမှ အချိန်ဇယားများ လွဲချော်ကုန်ခြင်းသည် အကြောင်းတချက် ဖြစ်သည်။
နောက်တချက်မှာ တရုတ်ပို့ကုန်များ အမေရိကန်သို့ တင်ပို့မှု ရုတ်တရက် မြင့်တက်လာခြင်း ဖြစ်သည်။
မေလ ၂၄ ရက်တွင် အမေရိကန်အစိုးရက တရုတ်နိုင်ငံမှ တင်သွင်းသည့် ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ သွင်းကုန်များအပေါ် အခွန်တိုးကောက်မည်ဟု ကြေညာခဲ့သည်။
အီးဗီ သွင်းကုန်ခွန်ကို ၂၅% မှ ၁၀၀% သို့ ၄ ဆ တိုးပြီး သတ်မှတ်လိုက်သည်။
ဆီမီးကွန်ဒတ်တာ သွင်းကုန်ခွန်ကို ၂၅% မှ ၅၀% သို့ ၂ ဆတိုးလိုက်သည်။
အခြားကုန်စည်အမျိုးမျိုးကိုလည်း အနည်းနှင့်အများ တိုးမြှင်သတ်မှတ်သည်။
နှုန်းထားသစ်များသည် နောက်နှစ်တွင် စတင်သက်ရောက်မည်။
သို့ဖြစ်ရာ တရုတ်ပို့ကုန်လုပ်ငန်းရှင်များနှင့် အမေရိကန်မှ တင်သွင်းသူတို့သည် နှုန်းထားသစ် မစတင်ခင် တရုတ်ကုန်စည်များ အမေရိကန်သို့ အရောက်ပို့ထားနိုင်ရန် ကွန်တိန်နာများဖြင့် တင်ပို့မှုကို အရှိန်တင်လိုက်ကြသည်။
တရုတ်ပြည်တွင် ကွန်တိန်နာဈေးနှုန်းများ နဂိုကတည်းက မြင့်တက်နေစဉ် ဈေးထပ်တက်သွားသည်။ ပြီးခဲ့သည့် ၂ လအတွင်း ၈၈% မြင့်တက်ခဲ့သည်။
စင်ကာပူတွင် ကွန်တိန်နာသင်္ဘောများ စုပြုံကျနေသဖြင့် ကမ်းကပ်ရန် ကြာချိန်သည် ယခင်က တစ်ရက်မှ နှစ်ရက်အစား လက်ရှိတွင် ၇ ရက်ခန့် ကြာသည်။
မေလမှာ စင်ကာပူဆိပ်ကမ်းတွင် သင်္ဘော အစီး ၁,၀၀၀ ဝန်းကျင် ဆိုက်ကပ်ခဲ့သည်။ ဧပြီလတွင် ၆၃၉ စီး ဆိုက်ကပ်ခဲ့သည်ထက် သိသိသာသာ ပိုများသည်။
ဇန်နဝါရီလမှ ဧပြီလအထိ လစဉ်ပျမ်းမျှ ကွန်တိန်နာသင်္ဘော ဝင်ရောက်မှု gross tonnage (GT) တန်ချိန် ၇၂ ဒသမ ၄ သန်း (GT) ရှိခဲ့သည်။
ဝမ်းပုံတင်သင်္ဘောများနှင့် ရေနံတင်သင်္ဘောများ အပါအဝင် စင်ကာပူတွင် သင်္ဘောဆိုက်ရောက်မှု စုစုပေါင်းတန်ချိန်သည် 2024 ခုနှစ် ပထမလေးလအတွင်း GT ၁.၀၄ ဘီလီယံ ရောက်ရှိခဲ့ကြောင်း MPA မှ သောကြာနေ့ (မေ ၃၁) တွင် ပြောကြားခဲ့သည်။
Source cna
#LogisticsIndustryGuide
Comments
Post a Comment