အိန္ဒိယဗဟိုဘဏ် ရွှေ မက်ထရစ်တန် ၁၀၀ ကို အဘယ်ကြောင့် ရွှေ့ပြောင်းရသနည်း
• RBI က ရွှေချောင်းများ မည်မျှ စုဆောင်းထားသနည်း
• RBI သည် ရွှေများကို ပြည်ပမှာ အဘယ်ကြောင့် သိမ်းဆည်းသနည်း
• RBI သည် ရွှေများကို ပြည်ပမှ ပြည်တွင်းသို့ အဘယ်ကြောင့် ရွှေ့ပြောင်းရသနည်း
• RBI သည် ဤမျှများပြားသော ရွှေများဖြင့် ဘာလုပ်မည်နည်း။
အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) သည် ယူကေတွင် သိမ်းဆည်းထားသည့် ရွှေ မက်ထရစ်တန် ၁၀၀ ကို ယခုဘဏ္ဍာနှစ်တွင် အိန္ဒိယသို့ ပြောင်းရွှေ့ခဲ့ကြောင်း Guide4U တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခင်တင်ပြချက်
ကြီးမားသော ပမာဏဖြင့် ရွှေချောင်းများ အပြောင်းအရွှေ့သည် ၁၉၉၁ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးရွှေပြောင်းရွှေ့မှု ဖြစ်ပါသည်။
• RBI က ရွှေချောင်းများ မည်မျှ စုဆောင်းထားသနည်း
၂၀၂၄ ခုနှစ် မတ်လအထိ RBI မှာ စုစုပေါင်းအရန်ရွှေ ပမာဏ ၈၂၂.၁၀ မက်ထရစ်တန် ရှိပါသည်။ ၎င်းရွှေများမှ ကြီးမားသောပမာဏသည် ပြည်ပတွင် ထားရှိပါသည်။ အင်္ဂလန်မှ Bank of England ထံတွင်လည်း ရွှေချောင်းများ ထားရှိသည်။ ၎င်းဘဏ်မှ ရွှေ တန်၁၀၀ ကို အိန္ဒိယသို့ ရွှေပြောင်းလိုက်ပြီးနောက် အိန္ဒိယတွင် သိမ်းဆည်းထားသည့် ရွှေပမာဏသည် ၄၀၈ မက်ထရစ်တန် ဖြစ်လာပါသည်။ သို့ဖြစ်ရာ ပြည်တွင်းထားရှိသည့် ရွှေပမာဏနှင့် ပြည်ပမှ ထားသည့် ရွှေပမာဏ ဆတူနီးပါး ဖြစ်သွားပါသည်။
၂၀၂၄ မေလ ၃၀ ရက်နေ့တွင် RBI က ထုတ်ပြန်သည့် နှစ်စဉ်အစီရင်ခံစာအရ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းအတွက် ကျောထောက်နောက်ခံပြုရန် ရွှေ ၃၀၈ မက်ထရစ်တန်ကို ပြည်တွင်းမှာ ကိုင်ထားသည်။ ဘဏ်လုပ်ငန်းဌာနတွင် ပိုင်ဆိုင်မှု ပြရန် နောက်ထပ်ရွှေများ ၁၀၀.၂၈ မက်ထရစ်တန် ထားရှိသည်။
အရန်ရန်ပုံငွေအဖြစ် ထားရှိသည့် အရန်ရွှေ ၄၁၃.၇၉ မက်ထရစ်တန်သည် ပြည်ပတွင် ထားရှိသည်ဟု နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
• RBI သည် ရွှေများကို ပြည်ပမှာ အဘယ်ကြောင့် သိမ်းဆည်းသနည်း
၁၉၉၀-၉၁ ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှု အကျပ်အတည်းအတွင်း အိန္ဒိယသည် ဒေါ်လာ ၄၀၅ သန်း ချေးငွေရယူရန် အရန်ရွှေ၏ အချို့အဝက်ကို Bank of England သို့ အပေါင်ပစ္စည်းအဖြစ် အပ်နှံပြီး ချေးငွေရယူခဲ့သည်။
ချေးငွေကို ၁၉၉၁ နိုဝင်ဘာလတွင် အကြေပေးဆပ်ခဲ့ပြီးနေုာက် ရွှေများကို ပြန်မယူဘဲ ဆက်လက် ထားရှိခဲ့သည်။
RBI သည် နိုင်ငံတကာဈေးကွက်မှ ဝယ်ယူသည့် ရွှေများကိုလည်း ပြည်ပတွင် ထားရှိသည်။
ထိုသို့ ပြည်ပတွင် ထားရှိသော ရွှေများသည် ရောင်းချခြင်း အပါအဝင် ကုန်သွယ်မှုအမျိုးမျိုး လုပ်ဆောင်ရန် ပြည်တွင်း၌ ထားသောရွှေထက် လွယ်ကူသည်။
• RBI သည် ရွှေများကို ပြည်ပမှ ပြည်တွင်းသို့ အဘယ်ကြောင့် ရွှေ့ပြောင်းရသနည်း
ပြည်ပမှ ထားသည်ရွှေများသည် ကုန်သွယ်မှုအတွက် လုပ်ရကိုင်ရ လွယ်ကူစေသည်မှာ မှန်သော်လည်း ယခုအခါ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေရာ၌ ကြားညပ်ပြီး ရွှေများ ဆုံးရှုံးသွားနိုင်သည့် အန္တရာယ်များ ရှိနေသည်။
ရုရှားပိုင်ဆိုင်မှုများကို အနောက်နိုင်ငံများက သိမ်းဆည်းထားလိုက်သည့် သာဓက ရှိနေသည်။
ထို့ကြောင့် စိတ်ချလက်ချ ဖြစ်ရအောင် ရွှေများကို ပြည်တွင်းသို့ ရွှေပြောင်းပြီး သိမ်းဆည်းထားလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ဆောင်ရွက်လိုက်သဖြင့် Bank of England သို့ ပေးရသည့် ထိန်းသိမ်းစောင့်ရှောက်ခများလည်း အကုန်အကျ သက်သာသွားစေသည်။
• RBI သည် ဤမျှများပြားသော ရွှေများဖြင့် ဘာလုပ်မည်နည်း။
RBI သည် အစိုးရနှင့် ညှိနှိုင်းကာ ပြည်တွင်းရွှေဈေးနှုန်းများကို စီမံခန့်ခွဲရန်အတွက် ပြည်တွင်း၌ ထားရှိသော ရွှေများကို အသုံးပြုနိုင်သည်။ဤနည်းဗျူဟာသည် နိုင်ငံအတွင်း ရွှေအရန်ငွေများ ရှိနေကြောင်း သေချာစေပြီး ခိုင်မာသော ပြည်တွင်းရွှေဈေးကွက်ကို ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေပါသည်။
RBI သည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်းမှာ ရွှေဝယ်ယူမှုများကို သိသိသာသာ အရှိန်မြှင့်ခဲ့သည်။ ယမန်နှစ်က တနှစ်တာအတွင်း ဝယ်ယူခဲ့သည့် ပမာဏ၏ တဆခွဲကို ပထမလေးလအတွင်းမှာ ဝယ်ယူခဲ့သည်။
ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များကြားတွင် ဒေါ်လာအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းကြောင့် ရွှေကို ပိုမိုဝယ်ယူနေကြရာ၌ အိန္ဒိယဗဟိုဘဏ် RBI လည်း အပါအဝင် ဖြစ်သည်။
၂၀၂၄ ဘဏ္ဍနှစ်တွင် RBI သည် ၎င်း၏ အရန်ရန်ပုံငွေတွင် ရွှေ ၂၇.၄၇ တန် ထပ်ထည့်ခဲ့သည်။ အရန်ရန်ပုံငွေတွင် ရွှေဖြည့်ထည့်ခြင်းဖြင့် စိတ်ချရစေခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေလဲလှယ်နှုန်းများ မတည်မငြိမ်ခြင်းကြောင့် ဖြစ်ပေါ်သည့် အကျိုးသက်ရောက်မှုများမှ ကင်းလွတ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
Source BusinessToday
#BankingIndustryGuide #GoldIndustryGuide
Comments
Post a Comment