မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ် ကျန်းမာရေး တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေတဲ့ သွေးတိုးရောဂါ
မြန်မာနိုင်ငံမှာ လူအများစုဟာ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ဖြစ်တာ၊ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို သတိမထားမိတာနဲ့ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ နောက်ကျတာ တွေကြောင့် ရောဂါအတော်များများကို စိုးရိမ်ရတဲ့ အခြေအနေတစ်ခုမရောက်ခင်အထိ သတိမမူမိတတ်ကြပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရ သွေးတိုးရောဂါဟာ ထင်ရှားတဲ့ ရောဂါလက္ခဏာမပြတတ်တာကြောင့် ဒီနေ့ခေတ် လူမှုအသိုက်အဝန်းအတွက် သတိမထားမိတဲ့ စိုးရိမ်ရတဲ့ ကျန်းမာရေးအန္တရာယ်တွေထဲက တစ်ခု ဖြစ်နေပါတယ်။ အသံတိတ် လူသတ်သမားလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ သွေးတိုးရောဂါဟာ သိသာထင်ရှားတဲ့ လက္ခဏာမပြဘဲ ဖြစ်ပွားလေ့ရှိတတ်ပါတယ်။ လူအများစုက ကိုယ့်ရဲ့ သွေးပေါင်ချိန်ပမာဏဟာ အန္တရာယ်ရှိလောက်အောင် မြင့်တက်နေတာ မသိဘဲ နေ့စဉ်ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနေတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၃ ယောက် မှာ ၁ ယောက်ဟာ သွေးတိုးရောဂါ ခံစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လူအတော်များများက ကျန်းမာရေးအသိ အားနည်းတာနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သွေးတိုးရှိနေကြောင်း မသိကြပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၂၆ ခုနှစ် ပြည်သ...