ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်
ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်
TZT (MOE)
• အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေကြသည့် ကလေးများအတွက် တန်းညှိပညာရေးအစီအစဉ်ဖြစ်သော ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေးအစီအစဉ်များသည် နိုင်ငံအတွင်း အမှန်တကယ် ပထမအကြိမ် ပညာသင်ယူခွင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကလေးသူငယ်များအတွက် ဒုတိယအကြိမ် ကြိုးစားခွင့် ဖန်တီးပေးထားသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်
• ကျောင်းပညာရေးသာမက ကျောင်းပြင်ပ၊ ကျောင်းပြင်ပပညာရေးဖြင့် ဟန်ချက်ညီညီ စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် "Education for All" မှသည် "All for Education" အဖြစ်သို့ ဆောင်ရွက်နိုင်ကြရေးအတွက် ပညာရေးဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ နယ်စပ်ဒေသ၊ ကျေးရွာ၊ ရပ်ကွက်အလိုက် တာဝန်ရှိသူများ အားလုံးပူးပေါင်းဆောင်ရွက်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) ခုနှစ်၏ ပုဒ်မ ၂၈ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်အရနှင့် အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၁၁၊ အခန်း (၅) တွင် နိုင်ငံတော်သည် အမျိုးသားပညာရေးစနစ် အကောင်အထည်ဖော်ရာတွင် -
(က) ကျောင်းပညာရေး၊
(ခ) ကျောင်းပြင်ပပညာရေး၊
(ဂ) ကိုယ်တိုင်သင်ယူပညာရေး
ဟူသည့် ပညာရယူနည်းများကိုကျင့်သုံး၍ ယင်းတို့ကို တစ်ခုနှင့်တစ်ခု ဆက်စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိပါသည်။
ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် အမျိုးသားပညာရေး ဥပဒေအရ အမျိုးသားပညာရေးစနစ်တွင် ပညာရယူနည်း သုံးနည်းဖြင့် အကောင်အထည်ဖော်ရန် ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းပါ လုပ်ငန်းစဉ်များအရလည်းကောင်း ကျောင်းပြင်ပပညာရေးလုပ်ငန်းကို အကောင် အထည်ဖော်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်တွင် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်အတွင်း ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
ကျောင်းပညာရေး
ကျောင်းပညာရေးဆိုသည်မှာ သင်ယူသူ၏ အသက်အရွယ်၊ သင်ယူရမည့် အချိန်ကာလ၊ နေရာ၊ အတန်း၊ ပညာရည်စစ်ဆေးတိုင်းတာမှုစနစ်နှင့် တိကျသော သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးသော ကျောင်းအခြေပြု မူကြို ပညာရေး၊ မူလတန်း ပညာရေး၊ အလယ်တန်း ပညာရေး၊ အထက်တန်း ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာရေး၊ အဆင့်မြင့် ပညာရေးစသည်တို့ အကျုံးဝင်သည့် ပညာရေး ဖြစ်ပါသည်။
ကျောင်းပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အခြေခံပညာဦးစီးဌာနသည် နှစ်စဉ်ဇွန်လအတွင်း ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ပညာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။
မူလတန်းအဆင့်သို့ ဘက်ရောက်မည့်သူများအနေဖြင့် အသက်အုပ်စု ငါးနှစ်ပြည့်ပြီးသူများသည် KG သို့လည်းကောင်း၊ အသက်ခြောက်နှစ်ပြည့်ပြီးသူများသည် Grade-1 သို့လည်းကောင်း တက်ရောက်ခွင့် ရရှိကြပါသည်။
ကျောင်းပြင်ပ ပညာရေး
ကျောင်းပြင်ပ ပညာရေးဆိုသည်မှာ သင်ရိုး ညွှန်းတမ်းများကို အခြေခံ၍ သင်ယူလိုသူများ ပညာရည်မြင့်မားလာစေရန် ကျောင်းပညာရေးစနစ်၏ ပြင်ပတွင် ပြင်ဆင်ပြောင်းလဲနိုင်သော နည်းလမ်းများဖြင့် စည်းရုံးသင်ကြားပေးသော ပညာရေး ဖြစ်ပါသည်။
ကျောင်းပြင်ပ ပညာရေးကို အကောင်အထည် ဖော်ဆောင်နေသည့် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာနသည် နှစ်စဉ် ဇူလိုင်လအတွင်း ကျောင်းနေအရွယ်လွန်ကလေးများ (သတ်မှတ် အသက်အုပ်စုနှင့် ကိုက်ညီသူများ)ကို သက်ဆိုင်ရာ လျာထား မြို့နယ်သီးသီး၏ ကျောင်းပြင်ပပညာရေး စခန်းများတွင် တက်ရောက်သင်ယူခွင့်ရရှိရေး စီစဉ်ပေးလျက် ရှိပါသည်။
အဆိုပါစခန်းများသို့ ကျောင်းပြင်ပပညာရေး တက်ရောက်နေသည့် ကလေးများအပြင် ကျောင်းပညာရေးတက်ရောက် ရာမှ အကြောင်းအမျိုးမျိုးဖြင့် ဆက်လက်မတက် ရောက်နိုင်သည့် ကလေးများကိုလည်း သတ်မှတ်အသက်အုပ်စုအတွင်း ရောက်ရှိနေပါက လက်ခံသင်ကြားပေးလျက် ရှိနေပါသည်။
ကျောင်းပြင်ပပညာရေးသည် သင်ယူလိုသူ တစ်ဦးချင်းစီအတွက် ပထမအကြိမ် ဆုံးရှုံးခဲ့ရသည့် အခွင့်အလမ်းကို ဒုတိယအကြိမ် အခွင့်အလမ်း (second chance) ပေးသည့် ပညာရေး ဖြစ်သဖြင့် သမားရိုးကျ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြုလွယ် ပြင်လွယ်အစီအစဉ်များဖြင့် နောက်ခံအခြေအနေ မတူညီကြသော သင်ယူလိုသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးနေသည့် ပညာရေးအစီအစဉ်ကောင်း တစ်ခုပင် ဖြစ်ပါသည်။ ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ အချင်းချင်းတို့ ပူးပေါင်းဆောင်ရွက်နိုင်သော ဒေသများတွင် ပိုမိုထိရောက်မှု ရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
တန်းညှိပညာရေး
တန်းညှိပညာရေး အစီအစဉ်ဆိုသည်မှာ ကျောင်းပြင်ပပညာရေး အစီအစဉ်အရ သင်ယူရရှိသည့် ပညာအဆင့်အတန်းကို ကျောင်းပညာရေး အဆင့်အတန်းများနှင့် အရည်အချင်း ညှိနှိုင်း သတ်မှတ်ပေးသော အစီအစဉ်တစ်ခုဖြစ်ပါသည်။
အပြန်အလှန် ကူးပြောင်းသင်ကြားခွင့်
နိုင်ငံတော်အစိုးရသည် အကြောင်းအမျိုးမျိုး ကြောင့် ပညာရေးအခွင့်အလမ်းဆုံးရှုံးခဲ့ရသော ကလေးများ၊ ကျောင်းချိန်ကာလအတွင်း ကျောင်းမတက်၊ ကျောင်းမနေနိုင်ခဲ့သည့်ကျောင်းပြင်ပရောက် သက်လွန်ကလေးများကို ကျောင်းပြင်ပပညာရေးဖြင့် ပညာဆက်လက်သင်ယူနိုင်ခွင့် ရရှိစေရန်အတွက် ကျောင်းပြင်ပ မူလတန်းပညာရေး (Non-Formal Primary Education - NFPE)နှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး (Non-Formal Middle Education - NFME) တို့ကို အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကျောင်းပြင်ပမူလတန်းပညာရေး Level-1 Level-2 သင်ယူပြီးမြောက်ပါက အခြေခံပညာ ကျောင်းပညာရေးသို့ ဆက်လက်ကူးပြောင်း သင်ယူနိုင်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတို့က လက်မှတ်ရေးထိုးပြီး သင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးလျက် ရှိပါသည်။
ကျောင်းပြင်ပ မူလတန်းပညာရေးတွင်
• Level-1 ပြီးမြောက်ပါက အခြေခံပညာမူလတန်းဆင့် Grade 4 သို့ လည်းကောင်း၊
• Level-2 ပြီးမြောက် ပါက အခြေခံပညာအလယ်တန်းဆင့် Grade-6 သို့ လည်းကောင်း
ဆက်လက်တက်ရောက် သင်ယူခွင့်ရရှိမည်ဖြစ်ပါသည်။
ကျောင်းပြင်ပ အလယ်တန်း ပညာရေးတွင် ပညာသင်နှစ် သုံးနှစ် ပြီးမြောက်မှသာလျှင် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးပါသည်။ ၎င်းလက်မှတ်ဖြင့် အခြေခံပညာ အထက်တန်းဆင့် Grade- 10 သို့လည်းကောင်း၊ သက်မွေးပညာကျောင်းများသို့လည်းကောင်း ဆက်လက် တက်ရောက်သင်ယူနိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် ကျောင်းပြင်ပပညာရေး အစီအစဉ်နှင့် အခြားပညာရေးအစီအစဉ်များအကြားတွင် အပြန်အလှန် ကူးပြောင်းသင်ယူနိုင်မည့် သာတူညီမျှအခွင့်အလမ်းများ ရရှိစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။
ကျောင်းပြင်ပ ပညာရေး သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်ထားရှိမှု
အခြေခံပညာစနစ်သစ်ပညာရေး KG+12 အရ အခြေခံပညာသင်ရိုးသစ်နှင့် ကိုက်ညီစေရေးအတွက် ကျောင်းပြင်ပပညာရေး သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ဌာနတွင်း ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်၊ ဖြည့်စွက်ပြီးသော ကျောင်းပြင်ပ မူလတန်းပညာရေး သင်ရိုး (မူကြမ်း)ကို ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်း ဗဟို ဌာန)တွင် စိစစ်တည်းဖြတ် ပြင်ဆင်ဖြည့်စွက်စေပြီးနောက် အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက် ရယူလျက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ ကျောင်းပြင်ပ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းများအား အဆင့်မြှင့်တင်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။
ကျောင်းပြင်ပ ပညာရေး တက်ရောက်နေသည့် ကျောင်းသားတစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက်စေရန်အတွက် ကျောင်းပညာရေးတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်း၏ နယ်ပယ်များဖြစ်သည့် အသိပညာ(Knowledge)၊ ကျွမ်းကျင်မှု (Skills)နှင့် စိတ်ဓာတ်မြင့်မားရေး (Attitude) တို့ ရရှိစေရန်အတွက်လည်း ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနသည် ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန (သင်ရိုးညွှန်းတမ်း ဗဟိုဌာနခွဲ)၊ စာတတ်မြောက်ရေး အထောက်အကူပြုပင်မအဖွဲ့ နှင့် အခြေခံပညာဦးစီးဌာနမှ သင်ရိုးကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ ကျောင်းပြင်ပ မူလတန်း ပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေး သင်ရိုးညွှန်းတမ်းအသစ်များကို အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၏ စိစစ် ခွင့်ပြုချက်များနှင့်အညီ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်အသစ်များ ပြုစုထုတ်ဝေနိုင်ခဲ့ပါသည်။
ကျောင်းပြင်ပ ပညာရေးတက်ရောက်နိုင်သည့် အသက်ကန့်သတ်ချက်များ
ကျောင်းပြင်ပ မူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေခဲ့သော်လည်း မူလတန်း ပညာရေး မပြီးဆုံးမိ ကျောင်းထွက်စောခဲ့သူ၊ အသက် ၁ဝ နှစ်မှ ၁၄ နှစ်အတွင်း ကလေးများကို ဒုတိယအကြိမ် ပညာသင်ယူမှုအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးရန်နှင့် ဆက်လက်သင်ယူခွင့် ရရှိစေရန် ရည်ရွယ်လျက် ဆောင်ရွက်ပေးသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်နှင့်အညီ ကျောင်းပြင်ပ မူလတန်း ပညာရေးတွင် ပညာသင်နှစ်ကာလ နှစ်နှစ်ဖြစ်သော NFPE Level 1 (ပထမဆင့်)နှင့် ဒုတိယဆင့် NFPE Level 2 (ဒုတိယဆင့်)တို့ကို တက်ရောက်နိုင်ပါသည်။
ထို့အတူ ကျောင်းပြင်ပအလယ်တန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာ အလယ်တန်းဆင့်သို့ တက်ရောက်ရန် အခက်အခဲရှိသော ကလေးများ၊ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် မပြီးမီ ကျောင်းထွက်ခဲ့ရသော ၁၃ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကလေးများကို အခြေခံပညာ အထက်တန်းအဆင့်သို့ ကူးပြောင်းသင်ယူနိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်ပြီး ဘဝရှေ့ရေးသာယာစေရန်အတွက် ဆောင်ရွက်ပေးနေသော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။
ကျောင်းပြင်ပ ပညာရေး၏ ဝင်ခွင့်အတွက် စစ်ဆေးခြင်း
မူလတန်းပညာရေးကို ပြီးဆုံးအောင် မတက်ခဲ့ရသည့် ကလေးများသည် ကျောင်းပြင်ပမူလတန်း ပညာရေးကို တက်ရောက်မည်ဆိုပါက အရည်အချင်း စစ်ဆေးလွှာ (Test Card) ဖြင့် စစ်ဆေးခံရမည်ဖြစ်ပြီး တာဝန်ရှိသူများက Level သတ်မှတ်ပေးပြီးနောက် သက်ဆိုင်ရာစခန်းတွင် သင်ကြားသင်ယူမှု ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ထို့အတူ အလယ်တန်းပညာရေး မပြီးဆုံးသေးသော ကလေးများသည်လည်း ကျောင်းပြင်ပ အလယ်တန်း ပညာရေးကို တက်ရောက်မည်ဆိုပါက
• NFPE Level (2) ပြီးမြောက်သူနှင့် ပဉ္စမတန်း အောင်သူများသည် NFME Level - 1 သို့လည်းကောင်း
• ဆဋ္ဌမတန်း အောင်သူများသည် NFME Level - 2 သို့လည်းကောင်း
• သတ္တမတန်းနှင့် အဋ္ဌမတန်း အောင်သူများသည် NFME Level - 3 သို့လည်းကောင်း
တက်ရောက် သင်ယူနိုင်ခွင့် ရရှိကြမည်ဖြစ်ပါသည်။
ကျောင်းပြင်ပ ပညာရေး၏ အောင်မြင်မှု အသီးအပွင့်များ
ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန အသစ်ဖွင့်လှစ်ပြီးနောက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ပညာသင်နှစ်အထိ
• ကျောင်းပြင်ပ မူလတန်း ပညာရေး ကလေးငယ် ၅၄၂၈၀ ဦးကို လည်းကောာင်း
• ကျောင်းပြင်ပ အလယ်တန်း ပညာရေး ကလေးငယ် ၁၉၉၉ ဦးကိုလည်းကောင်း
သင်ကြားသင်ယူခွင့်များ ရရှိစေခဲ့ပါသည်။
အထက်ဖော်ပြပါ ကျောင်းပြင်ပပညာရေးဖြင့် သင်ကြား သင်ယူခွင့်ရရှိခဲ့သော ကလေးငယ်များအနက် ထူးခြားအောင်မြင်ခဲ့သူများ အနေဖြင့် ၂၀၁၆ မှ ၂၀၂၃ ခုနှစ်အထိ ကျောင်းပြင်ပ မူလတန်း ပျိုးထောင်မှုမှတစ်ဆင့် အခြေခံပညာ အထက်တန်းအဆင့်အထိတက်ရောက်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူ ၁၂၃ ဦးရှိခဲ့ပြီး ဖြစ်ပါသည်။
Comments
Post a Comment