အရှေ့တောင်အာရှ လူမှောင်ခိုကူးမှု ကန်ဒေါ်လာ ၃ ထရီလီယံ ကမ္ဘာ့ကွန်ရက်အဖြစ် ကြီးထွားလာ
အရှေ့တောင်အာရှ လူမှောင်ခိုကူးမှုသည် ကန်ဒေါ်လာ ၃ ထရီလီယံ ကမ္ဘာ့ကွန်ရက်အဖြစ် ကြီးထွားလာကြောင်း အင်တာပိုမှ ပြောကြားသည်။
"အွန်လိုင်းပေါ်မှာ မည်သူမည်ဝါ အမှန်အတိုင်း မသိနိုင်ခြင်း၊ လုပ်ငန်းပုံစံသစ်များ စိတ်ကူးကောင်းခြင်း၊ ကိုဗစ်က အရှိန်တင်ပေးခဲ့ခြင်းတို့ကြောင့် စနစ်တကျ စီစဉ်ထားတဲ့ အဲဒီ ရာဇ၀တ်ဂိုဏ်းတွေက အခုအခါမှာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက မတွေးမိတဲ့ အတိုင်းအတာဖြင့် လုပ်ကိုင်နေကြပါတယ်"ဟု အင်တာပိုလ် အထွေထွေအတွင်းရေးမှူး ဂျာဂျင်စတော့က ပြောကြားခဲ့သည်။
“အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇ၀တ်မှု ကြောင့်ကြစရာအဖြစ် စတင်ခဲ့ရာက ဆိုက်ဘာလိမ်လည်မှုစင်တာတွေမှာရော ပစ်မှတ်ထားတာတွေရော သန်းနဲ့ချီတဲ့ လှည့်စားဖျားယောင်းခံရသူတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှု အရေးကိစ္စ ဖြစ်လာပါတယ်”ဟု စတော့က ပြောကြားသည်။
ဆိုက်ဘာ လိမ်လည်မှု စင်တာအသစ်များတွင် များသောအားဖြင့် တရားဝင်အလုပ် ပေးမည်ဟု ကတိပေးပြီး လူကုန်ကူးခံရသော ဝန်ထမ်းများကို ၎င်းတို့ဆန္ဒ မပါဘဲ စေခိုင်းထားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှ ရလာသော ဝင်ငွေများဖြင့် အရင်းတည်ပြီး ဆိုက်ဘာ လိမ်လည်မှု စင်တာများ ထူထောင် လုပ်ကိုင်ခြင်းဖြင့် ရာဇ၀တ်ဂိုဏ်းများက လုပ်ငန်းအမျိုးအစား အသစ်အဖြစ် ချဲ့ထွင် လုပ်ကိုင်ကြသည်ဟု ၎င်းက ပြောကြားသည်။
ရာဇ၀တ်ဂိုဏ်းများ၏ ၀င်ငွေ၏ ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများထံမှ ရရှိသည်ဟု ၎င်းက ပြောကြားသည်။
ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ ရာဇဝတ်မှု လုပ်ငန်း အမျိုးအစားများ ထပ်တိုးချဲ့ လုပ်ကိုင်လျက်ရှိရာ မူးယစ်ဆေးဝါး မှောင်ခို သယ်ယူသည့် လမ်းကြောင်းများကို လူကုန်ကူးသည့် လမ်းကြောင်းများအဖြစ်လည်း သုံးကြသည်။
လက်နက်များ၊ နာမည်ကြီး အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် ပစ္စည်းအတုများ၊ ခိုးရာပါစ္စည်းများ၊ ခိုးထားသည့် ကားများ သယ်ယူပို့ဆောင်သည့် လမ်းကြောင်းများအဖြစ်လည်း အသုံးပြုကြသည်။
တရားမဝင် ၀င်ငွေ ဒေါ်လာ ၂ ထရီလျံမှ ၃ ထရီလျံခန့်သည် ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှတဆင့် စီးဆင်းနေသည်။ စနစ်တကျ လုပ်ဆောင်သည့် ရာဇ၀တ်ဂိုဏ်း တဂိုဏ်းသည် တစ်နှစ်လျှင် ဒေါ်လာ ၅၀ ဘီလီယံ ရရှိနိုင်သည်ဟု စတော့က ပြောကြားသည်။
ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုစင်တာများတွင် လူပေါင်း ၁ သိန်းကျော် လူကုန်ကူးခံရကြောင်း ပြီးခဲ့သည့်နှစ်တွင် ကုလသမဂ္ဂက ပြောကြားခဲ့သည်။
နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံသည် ထောင်နှင့်ချီသော တရုတ် တယ်လီကွန်း လိမ်လည်မှု သံသယရှိသူများကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယမန်နှစ်က စင်ကာပူဒေါ်လာ ၃ ဘီလီယံ ပိုင်ဆိုင်မှုများ သိမ်းဆည်းရမိသည့် ငွေကြေးခဝါချအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် စင်ကာပူနိုင်ငံကို စတော့က ချီးကျူးခဲ့သည်။
Source Reuters
Comments
Post a Comment