ပူပြင်းလွန်းတဲ့ အာရှ
လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အထူးပူပြင်းသော လှိုင်းလုံးကြီးတခုသည် အာရှ ဒေသကို ပေါက်ကွဲစေခဲ့ပြီး အပူချိန်ကို ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်) အထိ မြင့်တက်စေခဲ့သဖြင့် ထောင်နှင့်ချီသော ကျောင်းသားများကို အိမ်၌သာ နေကြရန် ညွှန်ကြားထားကြရသည်။
ကုလသမဂ္ဂ မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာ အေဂျင်စီက အာရှသည် အထူးတလည်အရှိန်အဟုန်ဖြင့် ပူလာသည်ဟု ပြောကြားသည်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူလှိုင်းများ ဖြစ်ပေါ်သည့် ကြိမ်ရေ ပိုများလာသည်။ ထို့ပြင် ပိုကြာရှည်လာကာ ပိုပြင်းထန်လာသည်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ အပူဒဏ် စံချိန်တင် ပြင်းထန်သည့် နေ့တစ်နေ့ အပြီးမှာ အစိုးရကျောင်းများ အားလုံး နှစ်ရက်ကြာ ရပ်နားထားမည် ဖြစ်ကြောင်း တနင်္ဂနွေနေ့(ဧပြီ ၂၈)တွင် ကြေညာခဲ့ပါသည်။
ယခုနှစ်အတွင်း အပူဒဏ်ကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည့် ထိုင်းနိုင်ငံတွင် စနေနေ့က မြောက်ပိုင်းပြည်နယ်တစ်ခုတွင် အပူချိန် 44.1C (111.4F) ကျော်လွန်သွားပြီးနောက် ပြင်းထန်သော အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးခဲ့သည်။
ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင် အပူချိန် 40 C ကျော်လွန်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။
ရန်ကုန်မြို့မှ မစန်းယဉ်ဟု ဆိုသူ အသက် ၃၉ နှစ်အရွယ် ငွေကိုင်တစ်ဦးက “နေ့ခင်းဘက် အပြင်မထွက်ရဲဘူး။ အပူလျှပ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။ နေထိုင်သည့် စတုတ္ထထပ်တိုက်ခန်း၏ အပူဒဏ်မှ လွတ်မြောက်ရန် ညဘက်တွင် ခင်ပွန်းဖြစ်သူနှင့် လေးနှစ်အရွယ်သားလေးတို့နှင့်အတူ ပန်းခြံတစ်ခုသို့ သွားနေကြသည်။ “ဒီနေရာက ကျွန်မတို့ ရပ်ကွက်ထဲမှာ အပူရှောင်ဖို့ တစ်ခုတည်းသော နေရာပဲ” ဟု သူမက ဆိုသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ပျမ်းမျှအပူချိန်ထက် 3-4 C အထိ မြင့်တက်ခဲ့ကြောင်း မိုးလေဝသဌာနက ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ရေနှင့်မိုးလေဝသဝန်ကြီးဌာနသည် သီတင်းပတ်အတွင်း နေရာအချို့တွင် အပူချိန် 43C သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ဆက်စပ်သော ပူပြင်းသောရာသီဥတုတွင် ကျန်းမာရေးကို စောင့်ကြည့်ရန် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်။
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းတွင် ငါးရက်ကြာ အမျိုးသားနေ့ အားလပ်ရက်ရှည်အတွင်း အပူချိန်များ 41 Cအထိ ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းထားသည်။
ဧပြီလကုန်အထိ ပြင်းထန်စွာ ပူနေဦးမည်ဟု ခန့်မှန်းထားသော်လည်း မေလတွင် ပြန်အေးလာမည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံ၏ မိုးလေဝသဌာနက စနေနေ့တွင် ပြည်နယ်အများအပြားတွင် ပြင်းထန်သော အပူလှိုင်းအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပြီး အချို့နေရာများတွင် အပူချိန် 44 C အထိ မြင့်တက်သွားမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ခြောက်ပတ်ကြာ အထွေထွေရွေးကောက်ပွဲ ကျင်းပလျက်ရှိရာ သောကြာနေ့က ပြင်းထန်သော အပူဒဏ်အောက်တွင် မဲဆန္ဒရှင် သန်းပေါင်းများစွာ မဲပေးဖို့ တန်းစီစောင့်ဆိုင်းနေခဲ့ကြရသည်။
အိန္ဒိယ ရွေးကောက်ပွဲ ကော်မရှင်သည် မဲပေးသည့် အသုတ်တိုင်းတွင် အပူလှိုင်းနှင့် စိုထိုင်းဆတို့၏ သက်ရောက်မှုကို ပြန်လည်သုံးသပ်ရန် တာဝန်ခံအဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် အပူချိန်လွန်ကဲမှုကြောင့် ပိတ်ထားသော စာသင်ကျောင်းများ ပြန်ဖွင့်လိုက်သည်။ မိုးလေဝသဌာနက အပူလှိုင်းသည် နောက်ထပ်သုံးရက်အထိ ဆက်လက်ရှိနေဦးမည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားသည်။
အာရှတွင် မတ်၊ ဧပြီလ နှင့် မေလတို့သည် ပုံမှန်အားဖြင့် တစ်နှစ်တာ၏ အပူဆုံးနှင့် အခြောက်သွေ့ဆုံးလများဖြစ်သည်။ယခုနှစ်တွင် အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ပါသည်။
Source AFP
Comments
Post a Comment