MSC ကမ္ဘာ့ထိပ်တန်း အကြီးဆုံးကွန်တိန်နာလိုင်း သရဖူ ဆက်ဆောင်းထားမည်
၂၀၂၂ ခုနှစ်အစတွင် Mediterranean Shipping Co MSC သည် တင်ဆောင်နိုင်သည့် ကွန်တိန်နာ စုစုပေါင်းအရ ကမ္ဘာ့အကြီးဆုံးကွန်တိန်နာလိုင်းဖြစ်လာခဲ့သည်။ MSC နှင့် Maersk တို့သည် အင်အားတောင့်တင်းရန် 2M အမည်ဖြင့် မဟာမိတ်ဖွဲ့ထားသည်။ Maersk သည် ကမ္ဘာ့အကြီးဆုံးကွန်တိန်နာလိုင်းအဖြစ် ၂၅ နှစ်ကျော် ဆက်တိုက်ရပ်တည်ခဲ့ရာမှ ၂၀၂၂ တွင် MSC က Maersk ထက် ပိုကြီးမားသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ Maersk သည် တင်ဆောင်နိုင်သည့် ကွန်တိန်နာ စုစုပေါင်း ပေ ၂၀ ကွန်တိန်နာတလုံးနှင့် ညီမျှသော ပမာဏ twenty-foot equivalent unit teu ၁.၅၅ သန်းဖြင့် ပြေးဆွဲလျက်ရှိသည်။
MSC သည် ရေယာဉ်စုကို အကြီးအကျယ် ဆက်လက်တိုးချဲ့ခဲ့သည်။ ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားသည်။ တပတ်ရစ်ကွန်တိန်နာသင်္ဘောများကိုလည်း ဝယ်ယူခဲ့သည်။
Sea-Intelligence သုတေသနလုပ်ငန်းက ထိပ်တန်း (၁၀) ကွန်တိန်နာသင်္ဘောလိုင်းများ နောက် ၂ နှစ်အကြာ ၂၀၂၆ ခုနှစ် ဧပြီလတွင် တွေ့ရဖွယ်ရှိသည့် teu စုစုပေါင်း အခြေအနေကို ခန့်မှန်းတင်ပြခဲ့သည်။ အသစ်မှာကြားထားသည့် သင်္ဘောများ၊ တပတ်ရစ်သင်္ဘောအိုများ ရောင်းထုတ်ပစ်ခြင်း၊ စင်းလုံးငှားချာတာဖြင့် သင်္ဘောများ ရယူပြေးဆွဲခြင်း စသည့်အချပ်အလက်များကို ထည့်သွင်းတွက်ချက်ထားသည်။
MSC သည် ပထမနေရာတွင် အပြတ်အသတ် အသာဖြင့် ဆက်ရှိနေမည်။
ဒုတိယနေရာတွင် ရှိနေသော Maersk သည် တတိယနေရာသို့ ရောက်သွားမည်။
ဒုတိယနေရာကို CMA CGM ရရှိလိမ့်မည်။
MSC သည် ၂၀၂၃ မေလတွင် ကမ္ဘာ့ပထမဆုံး teu ၅ သန်းကျော်သို့ ရောက်ရှိသည့် ကွန်တိန်နာသင်္ဘောလိုင်း ဖြစ်လာခဲ့သည်။ ၂၀၂၆ တွင် teu ၇ သန်းကျော်သို့ ရောက်ရှိမည်ဟု ခန့်မှန်းသည်။
နောက်နှစ်တွင် 2M မဟာမိတ် သဘောတူညီချက် သက်တမ်းကုန်ဆုံးမည်။ သက်တမ်း ထပ်မတိုးသဖြင့် MSC သည် တကိုယ်တော် ရွက်လွှင့်မည်။ အဓိကကျသည့် အရှေ့⇆အနောက် ကုန်သွယ်ရေကြောင်းလမ်းများတွင် အင်အားတောင့်တောင့်တင်းတင်းဖြင့် ဟန်ချက်မပျက် ဆက်လက်ပြေးဆွဲနိုင်ရန် MSC သည် ကွန်တိန်နာသင်္ဘောများကို ဆက်လက်ဖြည့်တင်းလိမ့်မည်။
Maersk သည် အင်အားတောင့်တင်းနေနိုင်ရန် ဂျာမန်လိုင်း Hapag-Lloyd နှင့် မဟာမိတ်ဖွဲ့ပြီး ”Gemini Cooperation” အမည်ဖြင့် ၂၀၂၅ ဖေဖော်ဝါရီမှာ လုပ်ငန်းစတင်လည်ပတ်ကြမည်။ Hapag-Lloyd သည် လက်ရှိတွင် THE Alliance မဟာမိတ်အဖွဲ့တွင် ပါဝင်သည်ကို နုတ်ထွက်မည် ဖြစ်သည်။
MSC သည် အပျော်စီးသင်္ဘောနှင့် ကွန်တိန်နာတင်သင်္ဘော ပြေးဆွဲသည့် အဓိကစီးပွားရေးလုပ်ငန်းများ ရှိရာ၌ ကိုဗစ်ကာလတွင် အပျော်စီးသင်္ဘောများ ရပ်နားထားခဲ့ရသော်လည်း ကွန်တိန်နာသင်္ဘောများမှ ကန်ဒေါ်လာ ဘီလျံချီ အသားတင်အမြတ်များ ရရှိခဲ့ပြီး ငွေသားကြွယ်ဝလွန်းသည့် ကိုယ်ပိုင်ကုမ္ပဏီကြီးဖြစ်နေပြီး ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အခြားလုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် ငွေပုံအောပြီး ရင်းနှီးမြှုပ်နှံထားသည်။ လေကြောင်းကုန်စည် ပို့ဆောင်ရေး၊ ရထားကုန်စည်ပို့ဆောင်ရေး၊ လောဂျစ္စတစ် ထောက်ပံ့ပို့ဆောင်ရေး၊ ရထားထုတ်လုပ်သည့် စက်ရုံ၊ မီဒီယာ လုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသည်။ ယခုအခါ ဝင်ငွေ စံချိန်တင် ကောင်းနေသည့် ကားတင်သင်္ဘောလိုင်းကဏ္ဍတွင် စတင်ပြေးဆွဲရန် မကြာသေးခင်က ကမ္ဘာ့တတိယအကြီးဆုံး ကားတင်သင်္ဘောလိုင်း Gram Car Carriers GCC ကို ကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။
Source splash247

Comments
Post a Comment