TikTok အက်ပ် မရောင်းလျှင် အမေရိကန်မှာ ပိတ်ပင်မည်

အများက ထင်ကြေးပေးထားသည့်အတိုင်း အမေရိကန်သမ္မတဘိုင်ဒင်သည် TikTok အက်ပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်သွားနိုင်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

TikTok သည် အမျိုးသားလုံခြုံရေးကို စိုးရိမ်ရသည့်အတွက် ပိတ်ပင်ရန် စီစဉ်ခြင်း ဖြစ်သည်။

မကြာသေးမီ ရက်ပိုင်းက ကွန်ဂရက်မှ အတည်ပြုခဲ့သော ၎င်းဥပဒေသည် TikTok ၏ တရုတ်မိခင်ကုမ္ပဏီ ByteDance အား TikTok ၏ အမေရိကန်လုပ်ငန်းကဏ္ဍ တခုလုံးကို တနှစ်အတွင်း အပြီးအပြတ် မရောင်းချပါက အမေရိကန်တွင် လုံးဝပိတ်ပင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အရပ်သား လွတ်လပ်ခွင့်အဖွဲ့အစည်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင်များက တားမြစ်ပိတ်ပင်မှုကို ဝေဖန်ဆန့်ကျင်နေကြစဉ် ပိတ်ပင်ဖို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ တစ်တော့သည် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ပထမဆုံး ပိတ်ပင်ခံရသည့် ဆိုရှယ်မီဒီယာပလက်ဖောင်း တခု ဖြစ်လာမည်။


ByteDance သည် သတ်မှတ်ထားသောအချိန်ဘောင်အတွင်း TikTok ၏ ရှယ်ယာများကို မရောင်းချနိုင်ပါက ဥပဒေအရ TikTok ကို ဝန်ဆောင်မှု ပေးအပ်ခြင်းများ ရပ်ဆိုင်းရမည်။ Google နှင့် Apple တို့သည် ၎င်းတို့၏အက်ပ်စတိုးများမှ TikTok ကို ဖယ်ရှားရန် အတင်းအကျပ် ခိုင်းစေမည်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမေရိကန်တွင် တစ်တော့အက်ပ်ကို အသုံးမပြုနိုင်အောင် ဖြစ်လာမည်။  

အဆုံးသတ်၌ တစ်တော့ကို တရုတ်ပြည်မှာ မသုံးရသည့်နည်းတူ အမေရိကန်မှာလည်း အသုံးမပြုနိုင်သည့်အက်ပ် ဖြစ်လာမည်။


TikTok ကို ရောင်းချခြင်းသည် ရိုးရှင်းလွယ်ကူမည် မဟုတ်ပေ။ ဝယ်မည့်သူကို အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့က သဘောတူ ကျေကျေနပ်နပ် ဖြစ်ဖို့လိုသည်။ ထို့ပြင် တရုတ်အစိုးရက ရောင်းချရန် ခွင့်ပြုသည့် အတည်ပြုချက် ပေးမည် မဟုတ်ချေ။ အမေရိကန်က တစ်တော့ကို အတင်းအကျပ် ရောင်းချခိုင်းသည်ကို တရုတ်အစိုးရက မူအားဖြင့် သဘောတူကြည်ဖြူမည် မဟုတ်သည်မှာ သေချာသည်။


Business of Apps ၏ အဆိုအရ လူကြိုက်များသော TikTok အက်ပ်ကို အမေရိကန် သန်း ၁၇၀ အသုံးပြုကြသည်။  အမေရိကန်တွင် TikTok အသုံးပြုသူများ၏ ထက်ဝက်ကျော် (၅၁.၈%) သည် အသက် ၂၄ နှစ်အောက်ဖြစ်ပြီး ၈၇.၄% သည် အသက် ၄၅ နှစ်အောက်ဖြစ်သည်။ 

တစ်တော့ကို ဖျော်ဖြေရေးအတွက်သာမက သတင်းများကို လိုက်ကြည့်ရန်၊ အမှတ်တံဆိပ်အသစ်များကို ရှာဖွေတွေ့ရှိရန်၊ ပစ္စည်းများ ဈေးဝယ်ရန်တို့အတွက်လည်း အသုံးပြုမှုများ ပိုမိုများပြားလာနေသည်။


Bytedance သည် ရေပန်းစားသည့် ရှန်ဟိုင်းအ‌ခြေစိုက် ၂၀၁၄ တွင် စတင်ခဲ့သည့် ကာရာအိုကေ အက်ပ် Musical.ly ကို ဝယ်ယူခဲ့ပြီး TikTok အဖြစ် ပြန်လည်ထုတ်လုပ်ကာ ၂၀၁၇ ခုနှစ်တွင် စတင်ဖြန့်ဖြူးခဲ့သည်။ နိုင်ငံတကာ ဗားရှင်းအဖြစ် လုပ်ကိုင်ခဲ့ရာ တရုတ်ပြည်တွင် TikTok အသုံးမပြုချေ။ တရုတ်ပြည်တွင်းအတွက်သာ ဖြစ်သည့် အလားတူအက်ပ် Douyin ကိုသာ တရုတ်ပြည်မှာ သုံးကြရသည်။ 


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး