ထိုင်းမှာ 5G စမတ်ဖုန်း ပြောင်းလဲသုံးစွဲသူများ ပိုများလာ
ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်သည် Counterpoint Technology Market Research မှ လစဉ် ထုတ်ပြန်သည့် Thailand Smartphone Tracker သုတေသန အစီရင်ခံစာအရ ယခုနှစ် ပထမသုံးလပတ်တွင် ရောင်းချ အလုံးရေ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
5G စမတ်ဖုန်းများ တင်ပို့ရောင်းချမှုသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် စုစုပေါင်း စမတ်ဖုန်းရောင်းချရမှု၏ ၅၂% သို့ရောက်ရှိခဲ့သည်။ 5G စမတ်ဖုန်းများ ပထမဆုံးအကြိမ် ၅၀%ကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အက်ပဲလ် စမတ်ဖုန်းများတွင် iPhone 15 မော်ဒယ် ဆက်လက်ကြီးထွားခဲ့သည်။ iPhone ရောင်းအား အလုံးရေ စုစုပေါင်း၏ ၃၁% သည် iPhone 15 မော်ဒယ်များဖြစ်ပြီး iPhone 14 ရောင်းအား၏ ၂ ဆ ရှိသည်။
ရှောင်မီ၏ စမတ်ဖုန်းများတွင် ဈေးနှုန်း အနိမ့်၊ အလာ်အလတ်၊ အမြင့် သုံးမျိုးလုံး ရောင်းအား အခြေအနေ ကောင်းခဲ့ပြီး ဈေးနှုန်း $200-$399 အတန်းအစားမှ ဖုန်းများ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့သည်။ Redmi Note 13 နှင့် M6 Pro စီးရီးများ အဝယ်လိုက်သည်။
ဆမ်ဆောင်း ရောင်းအားကျခဲ့သော်လည်း ဈေးကွက်ဝေစု ၁၈% ရရှိခဲ့သည်။ $200 အောက် ဖုန်းများသည် တရုတ်စမတ်ဖုန်းများကို မယှဉ်နိုင်သဖြင့် ရောင်းအား သိသိသာသာ လျော့ကျခဲ့သည်။
ဈေးနှုန်း $200-$399 အတန်းအစား ဖုန်းများ ရောင်းအား မြင့်တက်ခဲ့သည်။ အထူးသဖြင့် Galaxy A15 5G model, Galaxy A25 နှင့် Galaxy A34 များ အဝယ်လိုက်သည်။
ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် စမတ်ဖုန်းကုမ္ပဏီများသည် အဆင့်မြှင့်တင်မှုများ၊ Al ပေါင်းစပ်မှုနှင့် ကြာရှည်ခံဘက်ထရီတို့အပါအဝင် နောက်ဆုံးပေါ်နည်းပညာများပါရှိသော စမတ်ဖုန်းများဖြင့် ဝယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့သည်။
"ထိုင်းနိုင်ငံ တဝှမ်း 5G လွှမ်းခြုံမှု အရှိန်အဟုန်နှင့်အတူ တစ်နိုင်ငံလုံး 5G ကျယ်ပြန့်လာပြီး သုံးစွဲသူများကလည်း 5G ကို ပြောင်းလဲသုံးစွဲလာကြခြင်းကြောင့် 5G စမတ်ဖုန်း တင်ပို့ရောင်းချမှု မြင့်တက်လာဖို့ မျှော်လင့်သည်"ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် 5G ပြောင်းလဲသုံးစွဲသူများ ပိုများလာသည်။ 5G စမတ်ဖုန်းများ၏ စုစုပေါင်းစျေးကွက်ဝေစုသည် ယခုနှစ်ကုန်တွင် ၆၀% ဝန်းကျင်သို့ ရောက်ရှိနိုင်မည်ဟု Counterpoint က ခန့်မှန်းထားသည်။
ဒေါ်လာ ၂၀၀ အောက် တန်ဖိုးနည်းစမတ်ဖုန်းများသည် ယခုနှစ် ပထမသုံးလပတ်တွင် စျေးကွက်ဝေစု ၅၂ %ကို ပိုင်ဆိုင်ထားသည်။
Source Bangkokpost
#ICTIndustryGuide
Comments
Post a Comment