တရုတ်အီးဗီ ဈေးနှုန်းစစ်ပွဲ အာဆီယံသို့ ကူးစက်ပျံ့နှံ့
တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများအကြား စျေးနှုန်းစစ်ပွဲသည် ယခုအခါ ပြည်ပဈေးကွက်များသို့ ကူးစက်လာသည်။ ပြည်တွင်းဈေးကွက်၌ ဆုံးရှုံးမှုများကို ထေမိရန်အတွက် အမြတ်အစွန်းပိုမိုရရှိရန် ပြည်ပသို့ တရုတ်လျှပ်စစ်ကားထုတ်လုပ်သူများ ချဲ့ထွင်ခဲ့ကြပြီးနောက် ပြည်ပဈေးကွက်အသီးသီးတွင် အရောင်းမြှင့်တင်ရန်နှင့် ဈေးကွက်ဝေစု ပိုမိုရရှိရန် အီးဗီများ၊ ဟိုက်ဘရစ်များကို ဈေးချပြီး ရောင်းချကြရာမှ စျေးနှုန်းစစ်ပွဲ ပေါ်ပေါက်စေခဲ့သည်။
ပြည်ပဈေးကွက်တွင်လည်း ဈေးနှုန်းနှိမ့်ချပြီး ဈေးသက်သာသည့် အင်ဂျင်ကားများကို ပြိုင်ကြရသည်။ ၎င်းတို့အချင်းချင်းလည်း ယှဉ်ပြိုင်ရသည်။
"ဒါဟာ တရုတ်မော်တော်ကားကုမ္ပဏီတွေအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး"ဟု နိုင်ငံပိုင်ကားထုတ်လုပ်ရေး လုပ်ငန်း Chery ၏ လုပ်ငန်းခွဲဖြစ်သော Jetour Auto International ၏ အထွေထွေမန်နေဂျာ Jacky Chen က ပြောကြားသည်။ ပြောကြားသည်။
ဘက်ထရီပါဝါသုံးကားများ ပိုမိုရေပန်းစားလာနေသည့် အရှေ့တောင်အာရှတွင် ဂျပန်ကားထုတ်လုပ်သူများ၏ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်ကားများဖြင့် စျေးကွက်ကို လွှမ်းမိုးထားသည့် ဂျပန်ပြိုင်ဖက်များထံမှ ဈေးကွက်ဝေစုကို ဖဲ့ယူနိုင်ရန် Build Your Dreams (BYD) နှင့် Great Wall Motor ကဲ့သို့သော ကုမ္ပဏီကြီးများမှအစ Hozon New Energy Automobile ကဲ့သို့သော နောက်မှ ပေါ်သည့် လုပ်ငန်းများအဆုံး လျှော့စျေးများဖြင့် ရောင်းချကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မော်တော်ကားဈေးကွက် ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အီးဗီဈေးကွက်လည်း ဖြစ်သည်။ ကားအသစ် ၁၀ စီး ရောင်းချလျှင် လေးစီးနီးပါးသည် လျှပ်စစ်မော်တာဖြင့် မောင်းနှင်သောကားများ ဖြစ်သည်။
သို့သော် ကုမ္ပဏီပေါင်း ၁၀၀ ကျော်ဖြင့် ပြည့်ကျပ်နေသော ပြည်တွင်းကားဈေးကွက်ထဲတွင် ယခုအခါတွင် ဈေးနှုန်းစစ်ပွဲအတွင်း WM Motor နှင့် Human Horizons ကဲ့သို့ မအောင်မြင်သော ကစားသမားများစွာ ပြိုလဲသွားကြသည်။
"တရုတ်နိုင်ငံပြင်ပဈေးကွက်များမှာ ဈေးနှုန်းဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်လာတယ်။ တရုတ်ပြည်တွင်းမှာ ဈေးချရောင်းနေကြရတော့ အမြတ်ရဖို့ မလွယ်ဘူး။ ဝယ်စီးနိုင်တဲ့ အရေအတွက်ထက် ထုတ်လုပ်နေတဲ့ အရေအတွက်က ပိုလျှံနေတယ်"ဟု Chen က ပြောသည်။
တရုတ်ပြည်မကြီးတွင် Yuan Plus အမည်ဖြင့် ရောင်းချသော BYD Atto3 သည် ပြည်တွင်းဈေးကွက်တွင် ယွမ် ၁၁၉,၈၀၀ (အမေရိကန်ဒေါ်လာ ၁၆,၅၄၂) ဖြင့် ရောင်းချသည်။ ထိုင်းမှ လျှော့ထားသည့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၂၄,၅၄၂ က သိသိသာသာ ပိုများနေသည်။
"အရှေ့တောင်အာရှလို စျေးကွက်တွေမှာ ဈေးနှုန်းတွေက ပြည်မကြီးထက် အများကြီးမြင့်နေတာကြောင့် တရုတ်နိုင်ငံပြင်ပမှာ ရောင်းအားတိုးလာတာဟာ အမြတ်အစွန်းကို ရရှိစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ကားထုတ်လုပ်သူတွေက အဲဒီဈေးကွက်တွေထဲ တဟုန်ထိုးဝင်ရောက်လာတဲ့အခါ ဈေးနှုန်းပြိုင်ဆိုင်မှုက မလွဲမသွေဖြစ်လာပြီး နောက်ဆုံးမှာ သူတို့ရဲ့အကျိုးစီးပွားကို ထိခိုက်စေပါတယ်"ဟု တရုတ်နိုင်ငံအရှေ့ပိုင်း ကျီကျန်းပြည်နယ်ရှိ ကားအစိတ်အပိုင်း ထုတ်လုပ်ရေးလုပ်ငန်းများကို ပိုင်ဆိုင်သည့် လုပ်ငန်းရှင် Qian Kang က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် BYD သည် ၎င်း၏ နာမည်ကြီး Atto3 sport-utility vehicle (SUV) ဗားရှင်းအသစ်များ၏ ဈေးနှုန်းများကို ဘတ် ၈၉၉,၉၀၀ (အမေရိကန်ဒေါ်လာ ၂၄,၅၄၂) သို့ ၁၈% လျှော့ချခဲ့သည်။ ထိုအခါ တရုတ်ပြိုင်ဘက် Changan Automobile နှင့် Hozon တို့ကလည်း အလားတူ လျှော့စျေးများပေးကြသည်။
Hozon ၏ Neta V လျှပ်စစ်စစ်စစ်ကား စျေးနှုန်း ဘတ် ၅၄၉,၀၀၀ ရှိပြီး BYD ၏ Dolphin လျှပ်စစ်ဆလွန်းထက် ၃၀% စျေးသက်သာပါသည်။
Changan က Lumin EV ဈေးနှုန်းကို ဘတ် ၄၈၀,၀၀ သို့ လျှော့ချထားသည်။
ဈေးချပြီး ရောင်းအားမြှင့်တင်သည့် နည်းလမ်းသည် အလုပ်ဖြစ်သည်။ အရှေ့တောင်အာရှ အီးဗီဈေးကွက်တွင် တရုတ်အီးဗီများက ဈေးကွက်ဝေစု အများစုကို ရရှိထားကြသည်။ ၂၀၂၁ တွင် ၄၇% ရှိခဲ့ရာမှ ၂၀၂၃ တွင် ၇၄% ရရှိခဲ့သည်။
အတိုင်ပင်ခံလုပ်ငန်း Deloitte China ၏ အဆိုအရ အာဆီယံ အီးဗီဈေးကွက်တွင် BYD သည် ဈေးကွက်ဝေစု ၃၃% ရရှိထားပြီး Neta အမှတ်တံဆိပ်သည် ၁၄% ရရှိထားသည်။
ပြီးခဲ့သောနှစ်တွင် ဂျပန်ကားထုတ်လုပ်သူများသည် အာဆီယံနိုင်ငံများတွင် မော်တော်ကားစျေးကွက်ဝေစု ၆၄% ရှိခဲ့သည်။ အာဆီယံဒေသတွင်း လျှပ်စစ်ကားများ တဟုန်ထိုး ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် တရုတ်အီးဗီကုမ္ပဏီများသည် တိုယိုတာကဲ့သို့သော စျေးကွက်ဦးဆောင်သူများကို စိန်ခေါ်ရန် အခွင့်အလမ်းကြီးတစ်ခု ရရှိသွားသည်။
၂၀၂၃ ခုနှစ်တွင် အီးဗီရောင်းအားသည် အာဆီယံဒေသတွင်း ကားရောင်းချရမှု စုစုပေါင်း၏ ၃% မျှသာဖြစ်သည်။ သို့သော် လျှပ်စစ်ကားများ တင်သွင်းမှုနှုန်းသည် ယမန်နှစ်က ၃.၃ သန်းအထိ ရောက်ရှိလာခဲ့ပြီး ဈေးကွက်ဝေစု ၁၀% အထိ မြင့်တက်လာနိုင်ကြောင်း Deloitte က ခန့်မှန်းထားသည်။
“ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ စျေးကွက် နှစ်ခုလုံးမှာ စျေးနှုန်းစစ်ပွဲတွေက အထူးအဆန်းမဟုတ်ပါဘူး”ဟု ဟန်ကျိုရှိ WDEF Digital Automotive International Cooperation Research Center ၏ ဒါရိုက်တာ David Zhang က ပြောကြားသည်။
"ဒါပေမဲ့ တရုတ် အီးဗီထုတ်လုပ်သူတွေက အဆက်မပြတ် စျေးနှုန်း လျော့ချမှုများဟာ သူတို့အားလုံးအတွက် ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ကို သဘောထား တူညီမှု ရရှိဖို့ လိုပါတယ်"ဟု ၎င်းက ဆိုသည်။
ယခုအထိ တရုတ် အီးဗီထုတ်လုပ်သူများသည် ကုန်ကြမ်း၊ လုပ်အားနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကဲ့သို့ မြင်သာထင်သာသော ကုန်ကျစရိတ်များနှင့် အရောင်းစျေးနှုန်းအကြား ကွာဟချက် အမြတ်အစွန်း အားကောင်းနေဆဲ ဖြစ်သည်ဟု Chen က ဆိုသည်။
Source scmp
#AutomobileIndustryGuide
Comments
Post a Comment