အနည်းဆုံးလုပ်ခ တိုးမည့် အစီအစဉ် ထိုင်းအစိုးရ ပြန်သုံးသပ်ရန် FTI တိုက်တွန်း

 

ထိုင်းအစိုးရသည် အနည်းဆုံးလုပ်ခကို ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်မည့် အငြင်းပွားဖွယ်အစီအစဉ်ကို မလွဲမသွေ ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း၊ ၎င်းငွေများသည် ထိုင်းပြည်တွင်း သုံးစွဲမှု ပိုများစေပြီး ထိုင်းပြည်တွင်းစီးပွားရေးကို တိုးမြှင့်ပေးခြင်းအစား ငွေအများစုသည် ရွှေ့ပြောင်းအလုပ်သမားများထံ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းတို့က ၎င်းတို့၏ မိသားစုထံ ငွေလွှဲပေးပို့ကာ ထောက်ပံ့ကြမည် ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Industries (FTI) က ပြောကြားသည်။


အိမ်နီးနားချင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့၏ မိသားစုများထံ နှစ်စဉ် ထိုင်းဘတ် ဘီလျံ ၁၀၀ ခန့် ငွေလွှဲ ပေးပို့မှုများ ပြုလုပ်ကြသည်။

၎င်းငွေများသည် ၎င်းတို့၏ လုပ်ခလစာဝင်ငွေမှ ရရှိကြခြင်း ဖြစ်သောကြောင့် အာဏာပိုင်များက လုပ်ခလစာ တိုးပေးမည်ဆိုပါက ထိုင်းနိုင်ငံသည် မူဝါဒ၏ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရနိုင်ဖွယ် မရှိကြောင်း FTI ၏ ဒုဥက္ကဋ္ဌ Wiwat Hemmondharop က ပြောသည်။


"ရွှေ့ပြောင်းအလုပ်သမားများတွေက သူတို့ရတဲ့ လုပ်အားခ တစ်ဝက်သာ ထိုင်းမှာ သုံးစွဲလေ့ရှိပါတယ်။ ကျန်တဲ့တဝက်ကို မိသားစုထံ ပေးပို့ကြတယ်။ ဒီတော့ လုပ်ခလစာ တိုးပေးတာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ GDP ကို အထောက်အကူဖြစ်စေမှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကုန်ထုတ်လုပ်မှုကဏ္ဍမှ လုပ်ငန်းရှင်များသည် ကျွမ်းကျင်လုပ်သားများကို တစ်ရက်လျှင် ဘတ်ငွေ ၇၀၀ မှ ၉၀၀ နီးပါး ပေးကြသည်။ အကယ်၍ အနည်းဆုံး လုပ်ခ တိုးပေးလိုက်ပါက အချို့သော လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများအတွက် လုပ်ခလစာသည် တစ်ရက်လျှင် ဘတ် ၁၀၀၀ ကျော်လွန်သွား‌တော့မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mr Wiwat က ပြောကြားသည်။


ထိုင်းသည် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ အလုပ်သမား ၂ ဒသမ ၆ သန်းမှ ၃ သန်းအထိ လာရောက်လုပ်ကိုင်နေကြသည့် နိုင်ငံ ဖြစ်သည်။ 

အများစုမှာ ညစ်ပတ်‌ပေကျံသော အလုပ်များ၊ အန္တရာယ်များပြီး ခက်ခဲသော အလုပ်များကို လုပ်ကိုင်ကြသည်။ ၎င်းအလုပ်မျိုးတို့ကို အများ‌သောအားဖြင့် ထိုင်းအလုပ်သမားများ မလုပ်ကြပါ။


Source Bangkokpost 

#Jobboard 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး