ဩစတေးလျ ကျောင်းသားဗီဇာ တင်းကျပ်

 သြစတြေးလျသည် ခရီးသွားဗီဇာများကို လာမည့်လမှ စတင်ကာ ကျောင်းသားဗီဇာသို့ ပြောင်းလဲခြင်းကို ရပ်တန့်မည်ဖြစ်ပြီး နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်မှုများ လျှော့ချရန် ရည်ရွယ်သည့် မူဝါဒများကို ဆက်လက်အ‌ကောင်အထည်ဖော်နေပါသည်။


သြစတြေးလျပြည်ထဲရေးဌာနက ပြီးခဲ့သောအပတ်က ထုတ်ပြန်ခဲ့သည့် အဆိုပါ အရွေ့သည် ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မဟာဗျူဟာတွင် အခရာကျသည့် အချက်တချက်ဖြစ်သည်။


ကျောင်းသားများနှင့် အခြားယာယီဗီဇာကိုင်ဆောင်သူများသည် သြစတြေးလျတွင် ၎င်းတို့၏ နေထိုင်ခွင့်ကို စဉ်ဆက်မပြတ် သက်တမ်းတိုးခွင့်ပြုထားပြီး အချို့ကိစ္စများတွင် အကန့်အသတ်မရှိ သက်တမ်းတိုးနိုင်နေစေသည့် ဟာကွက်များကို အဆုံးသတ်စေမည် ဖြစ်သည်။ "visa hopping" ဗီဇာတမျိုးမှ‌ နောက်တမျိုးသို့ ခုန်ကူးခြင်းများကို ကန့်သတ်ချုပ်ခြယ်သွားမည် ဖြစ်သည်။


ဖြစ်ပေါ်နေသည့် အခြေအနေမှာ ယမန်နှစ် နှစ်လယ်မှ ယခုနှစ် မေလအထိ ခရီးသွားဗီဇာကို ကျောင်းသားဗီဇာသို့ ကူးပြောင်းရန် လျှောက်ထားသူ ၃၆,၀၀၀ အထိ ရောက်ရှိလာခဲ့သည်။ 


ထို့အပြင် ယာယီဘွဲ့ကြိုဗီဇာ ကိုင်ဆောင်ထားသူများသည် ကျောင်းသားဗီဇာ လျှောက်ထားနိုင်တော့မည် မဟုတ်ကြောင်း အဆိုပါဌာနက ပြောသည်။


ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာတင်းကျပ်သည့် မူဝါဒများ အများအပြားကို ချမှတ်ခဲ့သည်။

ရည်မှန်းချက်သည် လာမည့် ၂နှစ်အတွင်း နိုင်ငံခြားသား ရွှေ့ပြောင်းနေထိုင်သူဦးရေကို လက်ရှိအရေအတွက်မှ ထက်ဝက်သို့ လျှော့ချရန်ဖြစ်သည်။


ဖေဖော်ဝါရီလတွင် သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအား ဗီဇာဖြင့်နေထိုင်ခွင့် လေးနှစ်မှ ခြောက်နှစ်အစား နှစ်နှစ်မှ လေးနှစ်သို့ လျှော့ချခဲ့သည်။


တက္ကသိုလ်များကို အုပ်စုသုံးစု ခွဲခြားသတ်မှတ်ထားသည်။ အဆင့် ၂ နှင့် ၃ တက္ကသိုလ်များတွင် ဗီဇာလုပ်ငန်းစဉ်သည် အဆင့် ၁ နှင့် နှိုင်းယှဉ်ပါက နှေးကွေးမည် ဖြစ်သည်။


မတ်လတွင် နိုင်ငံတကာ ကျောင်းသားများအတွက် အင်္ဂလိပ်စာ လိုအပ်ချက်သည် 6.0-6.5 IELTS သို့ တိုးမြှင့်ခဲ့ပြီး ယခင်ထက် 0.5 ပိုများခဲ့သည်။ 

အချိန်ပိုင်းအလုပ်ချိန်ကို ယခင်က ကန့်သတ်ချက် မရှိသည်ကို ယခုအခါ ၂၄ နာရီဟု သတ်မှတ်ထားလိုက်သည်။


ပြီးခဲ့သောလတွင် သြစတြေးလျသည် နိုင်ငံတကာကျောင်းသားများအတွက် ဘဏ္ဍာရေးလိုအပ်ချက်ကို AUD$29,710 (US$19,820) သို့ ယခင်ထက် ၂၀% တိုးမြှင့်သတ်မှတ်ခဲ့သည်။


သြစတြေးလျသည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး ပညာသင်ရန် နိုင်ငံများထဲမှာ ပါဝင်သည်။ ယခုနှစ်အစမှ မတ်လကုန်အထိ သြစတြေးလျတွင် နိုင်ငံတကာ ကျောင်းသား ၇၄၀,၀၀၀ ကျော် နေထိုင်လျက် ရှိသည်။ 

နိုင်ငံတကာပညာရေးကဏ္ဍမှ ယမန်နှစ်တွင် ဩစတေးလျဒေါ်လာ ၃၆.၄ ဘီလီယံ ရရှိခဲ့သည်။ 

Source AFP

#EducationIndustryGuide 

Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး