တောင်ကိုရီးယား အစိုးရ နိုင်ငံခြားသား ကျောင်းသားများအတွက် အလုပ်လုပ်ကိုင်ခွင့် ဗီဇာများ ဖြေလျှော့
တောင်ကိုရီးယားသည် နိုင်ငံတကာကျောင်းသား ၁၆၃,၀၀၀ ခန့် ကိုရီးယားတွင် နေထိုင် အလုပ်လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေမည့် ဗီဇာအမျိုးအစားများနှင့် အလုပ်အကိုင် ရွေးချယ်ခွင့်များကို တိုးချဲ့ခြင်းအပါအဝင် အစီအစဉ်များကို ချမှတ်ရန် ကြိုးစားနေကြောင်း တာဝန်ရှိသူများက ကြာသပတေးနေ့ (ဇွန်၂၀)တွင် ပြောကြားသည်။
ကိုရီးယားတွင် ဘွဲ့ရသော နိုင်ငံခြားကျောင်းသားများကို E-9 ပရော်ဖက်ရှင်နယ် မဟုတ်သော အလုပ်ဗီဇာများ လျှောက်ထားခွင့်ပြုရန် အစိုးရက စီစဉ်နေသည်။
လက်ရှိတွင် ကိုရီးယားမှာ ဘွဲ့ရသော နိုင်ငံခြားသားကျောင်းသားများသည် အထူးကျွမ်းကျင်သူ အလုပ်အမျိုးအစားများအတွက်သာ အကန့်အသတ်ဖြင့် ထုတ်ပေးသည့် E-7 ကဲ့သို့သော အရေအတွက် ကန့်သတ်ထားသည့် ဗီဇာများ လျှောက်ထားခွင့်ရှိသည်။
ကိုရီးယားတွင် တက္ကသိုလ်ပညာရေစ ပြီးမြောက်ပြီးနောက် အလုပ်အကိုင်ရှာဖွေနေသော D-10 ဗီဇာကိုင်ဆောင်သူများအတွက် နေထိုင်ခွင့်ကာလကို အများဆုံး သုံးနှစ်အထိ တိုးမြှင့်ပေးမည်ဖြစ်သည်။
လက်ရှိတွင် D-10 ဗီဇာကိုင်ဆောင်သူများသည် ကနဦးခြောက်လနေထိုင်ခွင့်ကို ခွင့်ပြုထားပြီး သက်တမ်းကို နှစ်နှစ်အထိ ထပ်တိုးနိုင်သည်။
သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် အလုပ်အကိုင်ရှာဖွေနေသော ကျောင်းသားများအတွက် အစိုးရက သတ်မှတ်ထားသော သင်တန်းအစီအစဉ်များ တက်ပြီးသည်နှင့် ချက်ချင်း အလုပ်ခန့်ရန် ရည်မှန်းထားသည်။
ကုမ္ပဏီများသည် သားဖွားခွင့် ယူထားသော မိခင်နှင့်ဖခင် ဝန်ထမ်းများကြောင့် ယာယီ လစ်လပ်နေသော နေရာများကို ကျောင်းသားများ ယာယီခန့်ထားပြီး ဖြည့်စွက်နိုင်ခွင့် ရရှိကြမည်။
အစိုးရသည် E-9 နှင့် E-10 ဗီဇာကိုင်ဆောင်သူများကို E-7-4 ဗီဇာများ လျှောက်ထားခွင့် တိုးချဲ့ရန် စီစဉ်နေသည်။ လိုက်လျောညီထွေ ဖြစ်သော အလုပ်မျိုးကို လုပ်ကိုင်ခွင့် ရရှိပြီး ကိုရီးယားတွင် ပိုမိုကြာရှည်စွာ နေထိုင်နိုင်မည် ဖြစ်သည်။
လျှောက်ထားသူ၏ ပညာရေးအဆင့်၊ ပိုင်ဆိုင်မှုနှင့် အသိအမှတ်ပြုလက်မှတ်များ အပါအဝင် ဗီဇာပြောင်းလဲခြင်းအတွက် လိုအပ်သည့် စံသတ်မှတ်ချက်များကို ဖြေလျှော့ပေးမည်။ ထုတ်ပေးသော ဗီဇာအရေအတွက်အတွက် ခွဲတမ်းကို တိုးမြှင့်ပေးမည်။
နိုင်ငံခြားကျောင်းသားများ၏ မိဘများသည် မိသားစုများ အတူတကွ နေထိုင်နိုင်ရန် E-8 ရာသီအလုပ်သမားဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်သည်။
နိုင်ငံခြားသား ကျောင်းသားများနှင့် ပြည်ပအလုပ်သမားများ အရေးကိစ္စများ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်စေရန် အစိုးရက အထူး ကော်မတီတစ်ရပ်ကို ဇူလိုင်လတွင် စတင်ဖွဲ့စည်းမည်။
လက်ရှိတွင် ဌာနအမျိုးမျိုးတို့သည် ဗီဇာကိစ္စကို ကိုင်တွယ်ပေးနေသည်။
E-8 ရာသီလုပ်သား ဗီဇာများကို တရားရေးဝန်ကြီးဌာနက လည်းကောင်း၊ E-9 နှင့် H-2 ဗီဇာကို အလုပ်သမားဝန်ကြီးဌာနက လည်းကောင်း ကြီးကြပ်သည်။
အဆိုပါ အစီအစဉ်များသည် အစောပိုင်းအဆင့်တွင်သာ ရောက်ရှိသေးသဖြင့် လာမည့်နှစ်ကုန်တွင် ကျင့်သုံးမည်ဖြစ်သည်။
လက်ရှိတွင် နိုင်ငံအတွင်း အလုပ်ဗီဇာ ကိုင်ဆောင်ထားသူ ၅၆၀,၀၀၀ ဝန်းကျင်ရှိပြီး အရေအတွက်မှာ ပိုမိုတိုးလာမည်ဟု ဝန်ကြီးချုပ် Han Duck-soo က ပြောကြားသည်။
Source koreaherald
#EducationIndustryGuide #Jobboard
.
.
Comments
Post a Comment