ထိုင်းကားဈေးကွက် ဈေးနှုန်းစစ်ပွဲ ဖြစ်ပွားခြင်းမရှိကြောင်း ရှင်းလင်းပြောကြား

 ထိုင်းကားဈေးကွက်တွင် မကြာသေးမီက လျှပ်စစ်ကားများနှင့် အင်ဂျင်ကားများ စျေးလျှော့လိုက်ကြခြင်းကြောင့် ဈေးနှုန်းစစ်ပွဲအသစ် ထပ်မံဖြစ်ပွားတော့မည်ဟု ထင်ကြေးပေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော် အဆိုပါ ထင်ကြေးပေးမှုသည် စျေးကွက်ရှာဖွေရေးနည်းနာတစ်ခုမျှသာဖြစ်ပြီး ပြိုင်ဆိုင်မှုပြင်းထန်သော မော်တော်ယာဥ်ဈေးကွက်တွင် ပုံမှန်ဖြစ်စဉ်တစ်ခုဟု ဆိုကာ ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Thai Industries (FTI) မှ ငြင်းပယ်သည်။



တရုတ် အီးဗီ BYD အမှတ်တံဆိပ်၏ ထိုင်းနိုင်ငံ တရားဝင်အရောင်းကိုယ်စားလှယ် Rêver Automotive သည် 2024 BYD Dolphin မော်ဒယ်အသစ် အပါအဝင် မော်ဒယ်အချို့၏ စျေးနှုန်းများကို ဘတ် ၁၆၀,၀၀ အထိ လျှော့ချလိုက်သည်။ သို့သော် ပရိုမိုးရှင်းသည် ယခုလကုန်အထိသာ ဖြစ်သည်။


ယခုလတွင် ဂျပန်ကားထုတ်လုပ်သူ မာဇဒါနှင့် နီဆန်းတို့သည် ၎င်းတို့၏ အင်ဂျင်ကားနှင့် ဟိုက်ဘရစ်ကား မော်ဒယ်များအတွက် ဘတ်ငွေ ၁၀၀,၀၀ မှ ၁၄၀,၀၀၀ အထိ လျှော့စျေးများပေးသည့် ကမ်ပိန်းများကို စတင်ခဲ့သည်။


FTI ၏ Automotive Industry Group တွဲဘက်ဥက္ကဋ္ဌ Surapong Paisitpatanapong က လက်ရှိအခြေအနေကို ဈေးနှုန်းစစ်ပွဲတခုဟု မယူဆကြောင်း၊ ယှဉ်ပြိုင်မှု တိုးလာချိန်တွင် သုံးစွဲကျသည့် မားကက်တင်းနည်းလမ်းတခုမျှသာ ဖြစ်ကြောင်း ကြာသပတေးနေ့ (ဇွန်၂၀) တွင် ပြောကြားသည်။ 


"ရွေးချယ်သတ်မှတ်ထားတဲ့ အင်ဂျင်ကားမော်ဒယ်များနှင့် လျှပ်စစ်ကားမော်ဒယ်များကိုသာ လျှော့ဈေး ပေးထားတာပါ။ အဲဒီဟာက ကားစျေးကွက်အတွက် မားကက်တင်း ကမ်ပိန်း တမျိုးပါ။ ထိုင်းကားဈေးကွက်က အီးဗီတွေ ရောက်မလာခင်ကတည်းက ယှဉ်ပြိုင်မှု ပြင်းထန်နေခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။


"ကားထုတ်လုပ်သူတွေက ပိုများများ ထုတ်လုပ်နိုင်မှ ကားတစီးစီအတွက် ကုန်ကျစရိတ်က လျော့ကျတယ်။ ဒီတော့ သူတို့ရဲ့ ထုတ်လုပ်မှုကို မြှင့်တင်‌ပေးနိုင်ဖို့ အရောင်းမြှင့်တင်လိုကြပါတယ်။ လုပ်ငန်း အရွယ်အစား စီးပွားရေး နိယာမအရ လုပ်ကြတာပါ။ ဒါ့အပြင် မော်ဒယ်အသစ်တွေက အင်ဂျင်ပိုသေးတော့ များသောအားဖြင့် ဈေးပိုသက်သာကြတယ်"ဟု Surapong က ပြောကြားသည်။


BYD ၏ မကြာသေးမီက စျေးနှုန်းလျှော့စျေး ကမ်းလှမ်းခြင်းသည် ကားထုတ်လုပ်သူ၏ ကိုယ်ပိုင် ဘက်ထရီထုတ်လုပ်ရေးစက်ရုံ ရှိနေသည့် ထူးခြားသော အားသာချက်ကြောင့် အီးဗီများ၏ ကုန်ကျစရိတ်ကို များစွာလျှော့ချပေးနိုင်သည့်အချက်ဖြစ်သည်ဟု ထိုင်းလျှပ်စစ်ယာဉ်အသင်း Thai Electric Vehicle Association (EVAT) ဥက္ကဋ္ဌ Krisda Uttamot က ပြောသည်။


စျေးနှုန်းလျှော့ချခြင်း၏ အခြားအကြောင်းရင်းမှာ ကားကုမ္ပဏီသည် ကားလက်ကျန် အရေအတွက်ကို အရောင်း၊ အနာဂတ်ထုတ်လုပ်ရေး အစီအစဉ်တို့နှင် ကိုက်ညီနေအောင် စီမံခန့်ခွဲရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


"စျေးနှုန်းလျှော့ချရတာကို ဘယ်ကားအမှတ်တံဆိပ်မှ မလိုလားဘူး။ ပြီးတော့ ဘယ်သူမှလည်း သူတို့ရဲ့ ဈေးနှုန်းကို အမြဲထာဝရ လျှော့ချ ပေးမထားနိုင်ပါဘူး၊ ဈေးချရောင်းတာဟာ ဈေးကွက်တခုလုံးကို ထိခိုက်ပါတယ်။ တပတ်ရစ်ကားဈေးကွက်ကိုပါ ထိခိုက်ပါတယ်"ဟု ၎င်းက ပြောသည်။ 

"ဒါ့အပြင် ကားဝယ်စီးသူတွေရဲ့ ယုံကြည်စိတ်ချမှုကိုလည်း ထိခိုက်ပါတယ်။ ဝယ်ဖို့အရေး မဝယ်ရဲဘူး။ ဈေးထပ်ကျသွားဦးမလားလို့ စိုးရိမ်မိစေပါတယ်" ဟု ၎င်းက ပြောကြားသည်။

Source Bangkokpost 

#AutomobileIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး