တရုတ်ကုန်စည်များကြောင့် ထိုင်း ကုန်ထုတ်လုပ်ငန်းများ ထိခိုက်
ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဆိုးရွားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယခုနှစ် ပထမငါးလအတွင်း စုစုပေါင်း စက်ရုံပေါင်း ၄၈၈ ရုံ ပိတ်သိမ်းခဲ့သည်။ ပျမ်းမျှအားဖြင့် တလလျှင် စက်ရုံ ၉၇ ရုံ ပိတ်သိမ်းခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၄ ခုနှစ် မတ်လအထိ ကိုဗစ်ကြောင့် စက်ရုံ စုစုပေါင်း ၁,၇၀၄ ရုံ လည်ပတ်မှု ရပ်ဆိုင်းခဲ့ပါသည်။ ပျမ်းမျှအားဖြင့် တလလျှင် ၁၁၃ ရုံ ပိတ်သိမ်းခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် မေလအထိ စက်ရုံပေါင်း ၃,၅၀၀ ကျော် ပိတ်သိမ်းခဲ့သည်ဟု ခန့်မှန်းသည်။
အဆိုပါပိတ်သိမ်းမှုများတွင် အများစုမှာ ပလတ်စတစ်ထုတ်ကုန်များ၊ သားရေထွက်ကုန်များ၊ ရော်ဘာနှင့် ရော်ဘာထုတ်ကုန်များ၊ စားသောက်ကုန်၊ စက်ယန္တရားနှင့် စက်ပစ္စည်းများ၊ သတ္တုထုတ်ကုန်များ၊ သစ်သားထုတ်လုပ်မှုနှင့် သစ်အချောထည်ထုတ်လုပ်သည့် ကဏ္ဍများတွင်ဖြစ်သည်။
မကြာမီကာလအတွင်းမှာလည်း ထိုင်းစက်ရုံများ အများအပြား ပိတ်သိမ်းနိုင်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။
ပြည်တွင်းကုန်ထုတ်လုပ်သူများသည် ဈေးနှုန်းသက်သာသော သွင်းကုန်များနှင့် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ကျရှုံးကုန်သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ဈေးပေါသော ကုန်ပစ္စည်းများသည် တရားဝင်နှင့် တရားမဝင်လမ်းကြောင်းများမှ တပြုံတမ ဝင်ရောက်လာပြီး ဈေးကွက်ကို လွှမ်းမိုးလာကာ ထိုင်းထုတ်ကုန်များကို အောက်စျေးဖြင့် အပြုတ်ဖြုတ်ကြသည်ဟု ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries (FTI) ဥက္ကဋ္ဌ Kriengkrai Thiennukul က ပြောကြားသည်။
ထိုသို့ အောက်ဈေးဖြင့် အလုံးအရင်း ဝင်ရောက်လာမှုသည် လက်လီနှင့် အွန်လိုင်းဈေးကွက်နှစ်ခုလုံးကို ထိခိုက်စေသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် နိုင်ငံ၏ GDP ၏ ၃၀% နီးပါးရှိသည့် အိမ်ခြံမြေကဏ္ဍတွင် ကြီးမားသော ကြွေးမြီပြဿနာများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံစီးပွားရေးကို ဆက်ထိန်းထားရန်အတွက် ပို့ကုန်များအပေါ် ပိုမိုအားထားနေရသည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် အိမ်ခြံမြေကဏ္ဍမှ GDP ဆုံးရှုံးမှုကို ထေမိရန် ပို့ကုန် ထုတ်လုပ်မှုကို မြှင့်တင်ထားသည်။
"မကြာသေးမီက အမေရိကန်က အမျိုးအမည် ရာချီတဲ့ တရုတ်ပစ္စည်းများအပေါ် အခွန် ၂၅-၁၀၀% ကြေညာခဲ့ပါတယ်။ လျှပ်စစ်ကားများကို ၂၇% မှ ၁၀၂% သို့ တိုးမြှင့်ခဲ့ပါတယ်။ ဥရောပနိုင်ငံ အတော်များများတို့ကလည်း တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ရန် ပြင်ဆင်နေပါတယ်။ အဲဒီ ကန့်သတ်ချက်များနှင့် စျေးကွက်ထဲသို့ ဝင်ရောက်မှု လျှော့ချခြင်းတို့ကြောင့် တရုတ်နိုင်ငံ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ပိုလျှံသွားစေပါတယ်။ ဒီတော့ အာရှနှင့် အာဆီယံ ဈေးကွက်တွေဘက်ကို လှည့်လာပါတယ်။ ဝယ်ယူနိုင်စွမ်း ရှိနေဆဲ ဖြစ်တဲ့ ထိုင်းဈေးကွက်လည်း ပါဝင်ပါတယ်" ဟု FTI ဥက္ကဋ္ဌက ပြောကြားသည်။
"ယခုလို အခြေအနေက ထိုင်း SMEs အများအပြားကို ပိတ်သိမ်းပစ်ရန် တွန်းပို့ပေးနေပါတယ်။ လုပ်ကိုင်နေဆဲ လုပ်ငန်းတွေမှာလည်း ထုတ်လုပ်ရေးလိုင်း အရေအတွက် လျှော့ချကြရပါတယ်။ အချို့က ထုတ်လုပ်သူအဖြစ်မှ တင်သွင်းရောင်းချသူအဖြစ်သို့ ပြောင်းလဲလိုက်ပြီး အရောင်းဌာနနှင့် မားကက်တင်းတို့ကိုသာ ဆက်လက် ထားရှိကြတယ်"ဟု Kriengkrai က ရှင်းပြသည်။
သွင်းကုန်များကို ဈေးကွက်အတွင်း ဈေးပေါပေါဖြင့် စုပုံတင်သွင်းမှု၏ သက်ရောက်မှုသည် ပြီးခဲ့သည့်နှစ် FTI အတွင်းရှိ စက်မှုလုပ်ငန်း ၄၅ ဖွဲ့အနက် ၂၀ ကျော်ကို ထိခိုက်ခဲ့သည်။ ယခုနှစ်အတွင်း ထိရောက်သော အရေးယူဆောင်ရွက်မှုများ မလုပ်ဆောင်ပါက စက်မှုလုပ်ငန်းအုပ်စု ၃၀ ကျော် ထိခိုက်နိုင်သည်ဟု ခန့်မှန်းထားသည်ဟု ၎င်းက ပြောကြားသည်။
ထိုင်းနိုင်ငံ၏စက်မှုလုပ်ငန်းအများစုသည် သမားရိုးကျ ဖြစ်နေဆဲဖြစ်ပြီး ခေတ်မီကမ္ဘာ့ရေစီးကြောင်း အလားအလာများ နှင့် မကိုက်ညီဟု Kriengkrai က ပြောကြားသည်။
၎င်းတို့သည် များသောအားဖြင့် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများနည်းတူ အလားတူ ထုတ်ကုန်များကို ထုတ်လုပ်ကြသည်။
သို့သော် ထိုင်းနိုင်ငံသည် အသက်အရွယ်ကြီးရင့်သူ လူဦးရေ များလာခြင်း၊ လျှပ်စစ်နှင့် လုပ်သား စရိတ်စက မြင့်မားခြင်းနှင့် ထုတ်လုပ်မှု ပံ့ပိုးပေးသည့် လုပ်သား ပြတ်လပ်မှုတို့ ကြုံတွေ့နေရပြီး နိုင်ငံခြား လုပ်သားများအပေါ် မှီခိုအားထားနေရသဖြင့် ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျနေသည်။
အထည်ချုပ်နှင့် အဝတ်အထည်များကဲ့သို့သော လုပ်သားအသုံးများသော စက်မှုလုပ်ငန်းများသည် လုပ်သားပိုမိုရရှိနိုင်သော အိမ်နီးချင်းနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။
တန်ဖိုးမြင့်နှင့် နည်းပညာမြင့် စက်မှုလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် ထူးထူးခြားခြား ရင်းနှီးမြှုပ်နှံမှုများ မရှိဘဲ ရင်းနှီးမြှုပ်နှံမှု အများစုသည် စင်ကာပူနှင့် မလေးရှားသို့ ရောက်ရှိသွားကြသည်။
လက်ရှိတွင် ထက်ဝက်အောက်ထက် နည်းသော FTI အဖွဲ့ဝင်အနည်းငယ်မျှသာ မြင့်မားသော တန်ဖိုးမြှင့်ထုတ်ကုန်များဆီသို့ ကူးပြောင်းနိုင်ခဲ့ကြသည်။ အများစုဖြစ်သော SME များသည် ထိုသို့သော အသွင်ကူးပြောင်းမှုကို မဆောင်ရွက်နိုင်သေးပါဟု ၎င်းက ပြောကြားသည်။
အင်ဒိုနီးရှားကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံမှ ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရန် ဆောင်ရွက်မှုများသည် ဈေးပေါပေါ စံချိန်စံညွှန်းနိမ့် ကုန်ပစ္စည်းများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် တင်သွင်းနေခြင်းများ နှေးကွေးသွားစေရန် လုံလောက်သော တင်းကျပ်မှု မရှိခြင်းကြောင့် စက်မှုလုပ်ငန်းများ ထပ်မံပိတ်သိမ်းရမည့်အရေး ရှိနေကြောင်း Kriengkrai က ထပ်လောင်းပြောကြားသည်။
ထိုင်းနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများလည်း ထိခိုက်သည်။
မကြာသေးမီက Suzuki Motor (Thailand) Co Ltd သည် တရုတ်အီးဗီများနှင့် ပြိုင်ဆိုင်ရခြင်းနှင့် ရောင်းအားကျဆင်းမှုကြောင့် ထိုင်းနိုင်ငံတွင် ၎င်း၏ ထုတ်လုပ်မှု စက်ရုံကို ၂၀၂၅ နှစ်ကုန်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယခင်တင်ပြချက်
https://t.me/Guid4U/19415
အစောပိုင်းတွင် Tan Chong Subaru Automotive (Thailand) Co Ltd သည် ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် ထိုင်းနိုင်ငံတွင် ကားထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင် ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။
ယခင်တင်ပြချက်
https://t.me/Guid4U/19593
၎င်းကားစက်ရုံများထံ အင်ဂျင်များအတွက် အစိတ်အပိုင်းများ၊ ယာဉ်ပစ္စည်းများ ထုတ်လုပ်ပေးသွင်းသည့် လုပ်ငန်းများကို ထိခိုက်စေပြီး ၎င်းတို့ထဲမှ အချို့သည် လုပ်ငန်းပိတ်သိမ်းကြရမည် ဖြစ်သည်။
ထိုင်းနိုင်ငံ စတီးလုပ်ငန်းကဏ္ဍသည်လည်း ထိခိုက်နေသည်ဟု Iron and Steel Institute of Thailand မှ ဒါရိုက်တာ Wirote Rotewatanachai က ပြောကြားသည်။ သံနှင့် သံမဏိ စက်ရုံများသည် ယခုနှစ် ပထမ ၄ လတွင် စွမ်းအားပြည့် ထုတ်လုပ်ခြင်း မပြုနိုင်ဘဲ ကုန်ထုတ်စွမ်းအား၏ ၂၉.၃% ခန့်သာ အသုံးပြုခဲ့ကြရသည်။
Thai Industrial Standards Institute (TISI) ၏ အထွေထွေအတွင်းရေးမှူး Wanchai Panomchai က ပြောသည်မှာ ထိုင်းကုန်ထုတ်လုပ်သူများကို စံချိန်စံညွှန်း နိမ့်ကျပြီး ဈေးပေါသော တရုတ်သွင်းကုန်များမှ ကာကွယ်ရန်အတွက် TISI သည် စျေးကွက်နှင့် အွန်လိုင်းတွင် ရောင်းချနေသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးလျက်ရှိသည်။ ခြောက်လအတွင်း အရည်အသွေးနိမ့်ထုတ်ကုန်များကို ပိတ်ပင်ပစ်ရန် ရည်ရွယ်သည်။ အရေးပေါ် အစီအမံများ ဆောင်ရွက်ပေးလျက် ရှိသည်။ လျင်မြန်စွာ စစ်ဆေးခြင်း၊ လျင်မြန်စွာ ကြီးကြပ်ခြင်းနှင့် လျင်မြန်စွာ အရေးယူခြင်း "မြန်၃မြန်" မဟာဗျူဟာဖြင့် လုပ်ဆောင်နေသည်။
"ကျွန်တော်တို့ အွန်လိုင်းပလက်ဖောင်းအမျိုးမျိုးမှာ စစ်ဆေးမှုအကြိမ်ရေကို တိုးမြှင့်လျက်ရှိပါတယ်"ဟု ၎င်းက ပြောကြားသည်။
TISI မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ ဘတ် ၇၆.၂ သန်းကျော်တန်ဖိုးရှိ စံချိန်စံညွှန်း မမီသော တရုတ်ကုန်ပစ္စည်းများကို TISI မှ သိမ်းဆည်းရမိခဲ့သည်။
Source thenationthailand
#IndustriesGuide
Comments
Post a Comment