MPT က နည်းပညာတက္ကသိုလ် (၂၁) ခုမှ ကျောင်းသား၊ကျောင်းသူ (၂၀၀) နီးပါးအတွက် ၂၀၂၄ ခုနှစ်၏ လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့

 မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်။ MPT က ၂၀၂၄ ခုနှစ် လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယင်း၏လုပ်ငန်းခွင်အတွင်းသို့ နည်းပညာတက္ကသိုလ် (၂၁) ခုမှ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူ (၂၀၀) နီးပါးကို အလုပ်သင် သင်တန်းသားအဖြစ် လက်ခံခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင် အတွေ့အကြုံများကို ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့ သင်ကြားခဲ့သော ဘာသာရပ်များကို လက်တွေ့အသုံးချမှုနယ်ပယ်တွင် အသုံးပြုပုံကို လေ့လာ သိရှိနိုင်ခဲ့ပြီဖြစ်ကြောင်း MPT က ယနေ့တွင် သတင်းထုတ်ပြန် ကြေညာလိုက်ပါသည်။

၂၀၂၄ ခုနှစ်၏ လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကို လွန်ခဲ့သည့် ဧပြီလ၊ မေလနှင့် ဇွန်လ အတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁) ခုရှိ MPT ရုံးများတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၁) ဦး ပါဝင်လေ့လာခဲ့ပြီး ခေတ်မီကွန်ရက်စနစ်များကို စီမံခန့်ခွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်းခွင်အတွင်း လူမှုဆက်ဆံရေး အရည်အချင်းများ၊ ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာသင်တန်း (HSE) နှင့် သတင်းအချက်အလက်လုံခြုံရေးတို့အပါအဝင် သက်ဆိုင်ရာ လုပ်ငန်းခွင်နှင့်ဆိုင်သည့် အသိပညာများ ရရှိစေရန်အတွက် လက်တွေ့လုပ်ဆောင် လေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ် ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၁၆၆) ဦးတို့က သက်ဆိုင်ရာဒေသများတွင်လေ့လာခဲ့ကြကာ ရန်ကုန်တိုင်းဒေသကြီးရှိ Network Center နှင့် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းတို့တွင်လည်း နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တို့ကို လုပ်ငန်းခွင် သင်တန်းသားများ အဖြစ် လက်ခံခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်း ကူညီထောက်ပံ့မှုဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍတွင် အနာဂတ် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာမည့် အခွင့်အလမ်းများကို ရရှိနိုင်မည့် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကို ကျွန်တော်တို့ အသိအမှတ်ပြုပြီး လူငယ်တွေရဲ့ စွမ်းရည်တွေ မြှင့်တင်ဖို့ အတွက်လည်း ရည်ရွယ်ထားပါတယ်။ MPT အနေနဲ့ နိုင်ငံတစ်ဝန်းက နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေကို လုပ်ငန်းခွင်အရည်အသွေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ အသိပညာတွေကို မျှဝေပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းခွင် လေ့လာရေးနဲ့ သင်ကြားရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်ကနေတစ်ဆင့် ကျောင်းသား၊‌ ကျောင်းသူတွေ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ အဆင်သင့်ဖြစ်နေစေမှာဖြစ်ပြီး တကယ့်လုပ်ငန်းခွင်နဲ့ ထိတွေ့နိုင်ခွင့်ကိုလည်း ပေးအပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ၎င်းလုပ်ငန်းလည်ပတ်သည့် ကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ် အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။


.

.

.


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်