၂၀၂၄ ဇူလိုင်လတွင် မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်လိုအား အားနည်းခြင်းကြောင့် ကုန်ထုတ်လုပ်မှု အခြေအနေများတွင် ယုတ်‌လျော့မှု ပြန်လည်ဖြစ်ပွား

 ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ ထုတ်လုပ်မှု PMI® အစီရင်ခံစာကို တင်ပြအပ်ပါသည်။

၂၀၂၄ ဇူလိုင်လတွင် မြန်မာ ကုန်ထုတ်လုပ်မှုကဏ္ဍ ဝယ်လိုအား အားနည်းခြင်းကြောင့် ကုန်ထုတ်လုပ်မှု အခြေအနေများတွင် ယုတ်‌လျော့မှု ပြန်လည်ဖြစ်ပွား


အဓိက တွေ့ရှိချက်များ


  • အမှာစာအသစ်များသည် ပြီးခဲ့သည့် ၄လအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့သည်
  • ထုတ်လုပ်ရေးတွင် ဦးစိုက်မှုသည် ပိုမို၍ သိသာထင်ရှားလာသည်
  • ဝယ်ယူမှုများအတွက် ကြာချိန်များသည် မှတ်တမ်းကာလတလျှောက် အကြီးမားဆုံး အတိုင်းအတာအထိ ရှည်လျားလာသည်

ဒေတာကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁−၂၃ ရက်အတွင်း စုဆောင်းခဲ့သည်။

မြန်မာနိုင်ငံအတွက် နောက်ဆုံးရ PMI®ဒေတာတွင် ဇူလိုင်လအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် ပြန်လည်ဖြစ်ပွားလာသော ကျဆင်းမှုတစ်ခုကို ပြသခဲ့သည်။ ဝယ်လိုအား အခြေအနေများသည် လေးလအတွင်း ပထမဆုံး အကြိမ်အဖြစ် ယုတ်လျော့လာခဲ့သည်။ ရလဒ်အနေဖြင့် ထုတ်လုပ်မှုအဆင့်များကို ပိုမိုအားကောင်းသောနှုန်းဖြင့် လျှော့ချခဲ့သည်။ 

အမှာစာ အသစ်များ လျော့နည်းခြင်းအပြင် ပေးပို့ချိန်များကလည်း မှတ်တမ်းတွင် အကြီးမားဆုံးသော အတိုင်းအတာအထိ မြင့်တက်ခဲ့သောကြောင့် ကုန်ကြမ်းပစ္စည်းများ ရရှိရန် ခက်ခဲနေခြင်းကြောင့် ဝယ်ယူရေး လုပ်ဆောင်မှုကို ဇူလိုင်လတွင်လည်း ပိုမို၍ လျှော့ချခဲ့သည်။ ယင်းအချိန်အတောအတွင်း လက်ဝယ်ရှိ လက်ကျန်ပစ္စည်းများသည် သိသာစွာ လျော့ပါးခဲ့ပြီး လက်ရှိ ဝယ်လိုအား အခြေအနေအရ လက်ကျန်ပစ္စည်းများ များများစားစား ထားရှိရန် လုပ်ငန်းများက မလိုလားကြချေ။

ဈေးနှုန်းအပိုင်းတွင် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများသည် လျင်မြန်စွာ မြင့်တက်ခဲ့ပြီး တစ်နှစ်နီးပါးအတွင်း အားအကောင်းဆုံးနှုန်းဖြင့် ဖြစ်ခဲ့သည်။ ယင်းကြောင့် အဖိုးအခများသည်လည်း သိသာစွာ မြင့်တက်ခဲ့သည်။

ထုတ်လုပ်ရေး စွမ်းဆောင်ရည်အတွက် ပေါင်းစပ်ထားသော တစ်ခုတည်းသော အညွှန်းကိန်း တစ်ခုဖြစ်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI အရ ဒုတိယနှစ်ဝက်အစသည် အားနည်းသောခြေလှမ်းဖြင့် စတင်ခဲ့ပြီး လျော့ကျမှု အပိုင်းအတွင်းသို့ ပြန်လည်ကျရောက်ခဲ့သည်။ ဇွန်လတွင် ၅၀.၇ ရှိခဲ့ရာမှ ဇူလိုင်လတွင် ၄၈.၄ သို့ ရောက်ရှိခဲ့ပြီး နောက်ဆုံးရ တွေ့ရှိချက်အရ သုံးလအတွင်း ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေတွင် ပထမဆုံး ကျဆင်းမှုကို ပြသခဲ့သည်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများတွင် ဦးစိုက်မှုသည် မတ်လနောက်ပိုင်းတွင် အားအကောင်းဆုံး ဖြစ်ခဲ့ပြီး အလုံးစုံအားဖြင့် ခိုင်မာခဲ့သည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍတွင် နောက်ဆုံး ဦးစိုက်မှု၏ အဓိကအချက်မှာ ဝယ်လိုအားတွင် ယုတ်လျော့မှု ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်ခဲ့သည်။ ဖောက်သည်များ၏ ငွေရေးကြေးရေး အကန့်အသတ်ရှိမှုများ ပိုများလာသည့်အတွက်ကြောင့် အမှာစာအသစ်များ လျော့ကျခဲ့သည်။ လျော့ကျမှုနှုန်းသည် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အမြန်ဆုံး ဖြစ်ခဲ့သည်။

ဝယ်လိုအား အလားအလာများကို အခြေခံထားသော ယုတ်လျော့မှုက ထုတ်လုပ်ရေးအပိုင်းတွင် သိသာပြီး အရှိန်ရနေသော ကျဆင်းမှုကို ဖြစ်စေခဲ့သည်။ မြန်မာနိုင်ငံတဝန်းမှ ကုန်ထုတ်လုပ်သူများသည် နှစ်လဆက်တိုက်အဖြစ် ထုတ်လုပ်မှုကို ဖြတ်တောက်လျှော့ချခဲ့သည်။ လျော့နည်းသည့်နှုန်းသည် နှစ်အစပိုင်း နောက်ပိုင်းတွင် အမြန်ဆုံးဖြစ်ခဲ့သည်။ နိုင်ငံ၏အချို့သော ဒေသများတွင် ကုန်ပစ္စည်း ပြတ်လပ်မှုများနှင့် လက်နက်ကိုင် ပဋိပက္ခတို့ကလည်း လုပ်ငန်းများ၏ ထုတ်လုပ်နိုင်စွမ်း ပြန်လည်မြှင့်တင်နိုင်ဖို့ ကြန့်ကြာစေခဲ့သည်ဟု ဆိုကြသည်။

လုပ်ဆောင်နိုင်စွမ်းအပေါ် ကျရောက်နေသည့် ဖိအားများသည် ဇူလိုင်လတွင် ဆက်လက်ပြင်းထန်နေခဲ့ပြီး လက်ကျန် အလုပ်များသည် မှတ်တမ်းတွင် အမြန်ဆုံးနှုန်းများအနက် တစ်ခုဖြင့် ထပ်မံ၍ မြင့်တက်နေသည်။ အလုပ်ခန့်အပ်မှုတွင် ဆက်လက်ဖြစ်ပေါ်နေပြီး သိသာသော လျော့ကျမှုနှင့်အတူ ကုန်ပစ္စည်းရှားပါးမှုနှင့် စွမ်းအင်ပြတ်တောက်မှုများက အချို့သောလုပ်ငန်းများအတွက် ကျန်ရှိသော အလုပ်များကို အပြီးမသတ်နိုင်အောင် ဖြစ်စေခဲ့သည်။

စစ်တမ်းကောက်ယူထားသော လုပ်ငန်းများသည်လည်း ဇူလိုင်လတွင် ထည့်ကုန်ဝယ်ယူရေး၌ ပိုမို၍ ကျဆင်းမှုတစ်ခုကို မှတ်တမ်းတင်ခဲ့ကြသည်။ ဦးစိုက်မှုသည် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အသိသာဆုံး ဖြစ်ခဲ့သည်။ ထို့အပြင် လက်ကျန်ပစ္စည်းများ လျှော့ချခြင်းသည် လုပ်ငန်း နယ်ပယ်တဝန်းတွင် ဆက်လက်၍ ပျံ့နှံ့နေခဲ့သည်။ ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်ပြီး လက်ဝယ်ရှိပစ္စည်း နှစ်မျိုးစလုံးသည် သိသာသောနှုန်းများဖြင့် လျော့ပါးခဲ့ပြီး ၎င်းတို့သည်လည်း ဇွန်လတွင် တွေ့မြင်ခဲ့ရသည်ထက် ပိုမိုအားကောင်းခဲ့သည်။


ထုတ်လုပ်ရေးလုပ်ငန်းများသည် ထည့်ကုန်ရောင်းချသူတို့၏ စွမ်းဆောင်ရည်တွင် ကြီးမားသည့် ယုတ်လျော့မှုကိုလည်း မှတ်တမ်းတင်ခဲ့ကြသည်။ ထည့်ကုန်ရောင်းချပေးသည့် ကုမ္ပဏီများက ကုန်ပစ္စည်း ပြတ်လပ်မှုများနှင့် သွင်းကုန်လိုင်စင် ရရှိရန် ခက်ခဲမှုများကို မှတ်တမ်းတင်ခဲ့ကြသည့်အလျောက် ထည့်ကုန်အတွက် ဝယ်ယူမှုများအတွက် ကြာချိန်များသည် မှတ်တမ်းတွင် အကြီးမားဆုံး အတိုင်းအတာအထိ ရှည်လျားလာခဲ့သည်။

ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုများနှင့် ထည့်ကုန်ပေးသွင်းသူများထံမှ ဈေးနှုန်းကြီးမြင့်မှုများကလည်း မြန်မာနိုင်ငံရှိ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပိုမိုကြီးမားသော ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို ဖြစ်လာစေခဲ့သည်။

စစ်တမ်း ဖြေဆိုသူများ၏ အဆိုအရ ကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ကျပ် ငွေတန်ဖိုး ကျဆင်းမှုရှိခဲ့ပြီး ၎င်းသည် ထည့်ကုန်ဝယ်ဈေး မြင့်မားမှုများကို ဖြစ်စေသည့် အဓိကအချက် ဖြစ်ခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ လတာအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့သည်။

ယင်းကြောင့် ကုန်ထုတ်လုပ်သူများသည် ၎င်းတို့၏ စက်ရုံအဖိုးအခများကို သိသာစွာ တိုးမြှင့်ခဲ့ကြသည်။ ထုတ်လုပ်ရေးစရိတ် ဖောင်းပွမှုနှုန်းသည် ၂၂ လအတွင်း တတိယအားအကောင်းဆုံး ဖြစ်ခဲ့ပြီး ဇွန်လတွင် တွေ့မြင်ခဲ့ရသည်ထက် အနည်းငယ်မျှသာ ပိုမိုအားနည်းခဲ့သည်။

ကဏ္ဍတွင် လတ်တလောစွမ်းဆောင်ရည်က နောင်အလားအလာအပေါ် ယုံကြည်စိတ်ချမှု အဆင့်များကို လျော့ကျစေခဲ့ပြီး လာမည့်နှစ်တွင် ထုတ်လုပ်ရေးအတွက် ရှုမြင်သုံးသပ်ချက်မှာ ဇူလိုင်လတွင် ကျယ်ကျယ်ပြန့်ပြန့် မျှခြေဖြစ်ခဲ့သည်။ နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခအပြင် နိုင်ငံရေး နှင့် ဈေးကွက်မတည်ငြိမ်မှုတို့က ယုံကြည်စိတ်ချမှုကို တဖြည်းဖြည်း လျော့ကျစေခဲ့သည်။ လက်ရှိ ထုတ်လုပ်ရေးအဆင့်များသည် လာမည့် ၁၂ လအထိ ဆက်ရှိနေမည်ဟု လုပ်ငန်းအများစုက မျှော်မှန်းကြသည်။


သုံးသပ်ချက်

နောက်ဆုံးရ စစ်တမ်းရလဒ်များအပေါ် S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch ပြောကြားသည်မှာ –

"လွန်ခဲ့တဲ့ သုံးလပတ်မှာ တွေ့ရှိခဲ့တဲ့ ဝယ်လိုအား အလားအလာတိုးတက်မှုကနေ အစပြုခဲ့တဲ့ အနည်းငယ် သက်သာလာမှုဟာ ပြောင်းပြန်ဖြစ်သွားခဲ့တာကြောင့် ဒုတိယနှစ်ဝက် စတင်ချိန်မှာ မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက လျော့ကျမှုအပိုင်းထဲ ပြန်လည်ကျရောက်သွားတာကို မြင်ခဲ့ရပါတယ်။ အမှာစာအသစ်တွေက မတ်လ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ပြီး ခြံငုံကြည့်လျှင် ကျဆင်းမှုခိုင်မာခဲ့ပါတယ်။ ရလဒ်အနေနဲ့ လုပ်ငန်းတွေက ထုတ်လုပ်ရေးနဲ့ ထည့်ကုန်ဝယ်ယူရေး လုပ်ဆောင်မှုတွေကို မြင့်မားတဲ့နှုန်းတွေနဲ့ လျှော့ချဖြတ်တောက်ခဲ့ကြပါတယ်။”

“ထောက်ပံ့ရေးအပိုင်းက စိန်ခေါ်မှုတွေကလည်း လုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်မှုကို ကြန့်ကြာစေခဲ့ပါတယ်။ ဝယ်ယူမှုတွေအတွက် ပေးပို့ချိန် ပိုမိုရှည်ကြာမှု၊ ကုန်ပစ္စည်း ပြတ်လပ်မှုတွေနဲ့ စွမ်းအင်ပြတ်တောက်မှုတွေကြောင့် လုပ်ဆောင်နိုင်စွမ်းအပေါ် ဖိအားတွေ ဆက်လက်ပြင်းထန်နေတဲ့သဘောဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းနယ်ပယ်က နည်းပါးလာတဲ့ လုပ်သားအင်အားစုနဲ့ ဆက်လက်ပြီး ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေက အလုပ်ခန့်အပ်မှုမှာ ရှည်ကြာပြီး သိသာတဲ့ လျော့ကျမှုတွေကို ဆက်ဖြစ်စေခဲ့ပါတယ်။ လုပ်သားတွေက သူတို့ရဲ့ မွေးရပ်မြေကို ပြန်သွားကြတာ ဒါမှမဟုတ် နိုင်ငံခြားမှာ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြတာတွေ လုပ်နေကြတယ်လို့ လုပ်ငန်းတွေက မှတ်ချက်ပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကနေ အခုအချိန်အထိ ဖြစ်နေဆဲဖြစ်တာကြောင့် ဆက်လက်ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်က အရေးပါတဲ့အဆင့်ကို ရောက်လာတာနဲ့အမျှ ကုန်ထုတ်လုပ်ငန်းနယ်ပယ် ဘေးဘက်သို့ တွန်းပို့ခံလိုက်ရပါတယ်။”


Comments

Popular posts from this blog

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး