တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည့် တီးမူ ထူထောင်သူ ကောလင်းဟွမ်
အွန်လိုင်းဈေးခင်း Temu ကို ထူထောင်သူ ဘီလီယံနာ ကောလင်းဟွမ်သည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်။
တချိန်တခါက Colin Huang သည် ဂိမ်းနှင့် အီးကောမတ်စ်တို့တွင် အတန်အသင့် အောင်မြင်သော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီးနောက် နေမကောင်းဖြစ်ပြီး အနားယူခဲ့ရသည်။
လူငယ်လူရွယ် စွန့်ဦးတီထွင်သူ ကောလင်းဟွမ်သည် ကျန်းမာရေး မကောင်းသဖြင့် အိမ်တွင် တစ်နှစ်ကြာအောင် နေခဲ့ပြီး နောက်ထပ် လုပ်ကိုင်စရာများကို တွေးတောကြံစည်နေခဲ့သည်။
ဂူဂဲ အင်ဂျင်နီယာဟောင်း ကောလင်းဟွမ်သည် ၂၀၁၅ ခုနှစ်တွင် ပရိုမိုးရှင်းများ လှိုင်လှိုင်ပေးပြီး စျေးပေါသော ပစ္စည်းများကို ရောင်းချသည့် နာမည်ကြီး အီးကောမတ်စ် ပလက်ဖောင်းဖြစ်သည့် ပင်ဒေါဒေါ Pinduoduo (PDD) ကို စတင်ခဲ့သည်။
သူသည် ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အသားတင်ပိုင်ဆိုင်မှု ကန်ဒေါ်လာ ၇၁.၅ ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။
ထို့နောက် ကပ်ရောဂါ ဖြစ်ပွားခြင်းနှင့် တရုတ်အစိုးရက ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်လုပ်ငန်းကြီးများကို နှိပ်ကွပ်ခြင်းတို့ကြောင့် တနှစ်တာအတွင်းမှာ သူ၏ အသားတင်ပိုင်ဆိုင်မှု ၈၇% လျော့ကျသွားသည်။
ထို့နောက် PDD Holdings တကျော့ပြန် ကြီးထွားသည်။ သို့သော် ယခင်လို တဟုန်ထိုး ကြီးထွားခြင်း မဟုတ်ဘဲ ပုံမှန် မှန်တမ်းဖြင့် တရုတ်ပြည်ပြင်ပသို့ တီးမူ Temu အမှတ်တံဆိပ် အမည်ဖြင့် ချဲ့ထွင်သည်။ စီးပွားရေး အားပျော့နေသော ပြည်တွင်းဈေးကွက်ကို အားမကိုးဘဲ ပြည်ပဈေးကွက်များဖြင့် လုပ်ငန်းကြီးထွားစေသည်။
ရလဒ်အနေဖြင့် Bloomberg ဘီလျံနာ အညွှန်းကိန်းအရ ယခုအခါ အသက် (၄၄) နှစ်ရှိ ဟွမ်သည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်။
ချမ်းသာကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၄၈.၆ ဘီလီယံဖြင့် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ထိပ်တန်းနေရာကို ရယူထားသည့် တရုတ်နိုင်ငံ၏ ရေသန့်ဘူးဘုရင် Mr Zhong Shanshan ကို သာလွန်ပြီး နံပါတ်(၁) နေရာကို သူ ရရှိသည်။
တရုတ်နိုင်ငံ၏ အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးကဏ္ဍ ပြိုလဲခဲ့ပြီး ကြာရှည်စွာ နာလန်မထနိုင်ခြင်းကြောင့် တရုတ်ပြည်တွင် စျေးဝယ်အလေ့အထများသည် ဈေးသက်သာခြင်းကို ထည့်စဉ်းစားသည့်အကျင့်သို့ ပြောင်းလဲသွားခြင်းသည် ဟွမ်၏ ကြွယ်ဝမှုကို ထူးထူးခြားခြား မြင့်တက်စေခဲ့သည်။
အစိုးရ၏ ပုဂ္ဂလိကပိုင် မဟာလုပ်ငန်းကြီးများကို နှိပ်ကွပ်မှုများကြောင့် ဂျက်မား၏ Alibaba Group အပါအဝင် ပြိုင်ဘက်များ ကျဉ်းထဲကျပ်ထဲ ရောက်နေကြစဉ် ဟွမ်သည် တရုတ်နိုင်ငံ ထိပ်တန်းသူကြွယ်စာရင်းတွင် ၃ နှစ်ကျော် ဆက်တိုက်ပါဝင်နေသည့် နည်းပညာ လုပ်ငန်းရှင် တဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ဟွမ်၏ ဓနအောင်မြင်မှုအတွက် ပေးဆပ်ရသူများ ရှိနေသည်။
ဟွမ်သည် ပစ္စည်းများကို ဈေးချရောင်းသဖြင့် ပစ္စည်းပေးသွင်းသူများထံမှ ကန့်ကွက်မှုများလည်း ပေါ်ပေါက်ခဲ့သည်။
ပင်ဒေါဒေါသည် 11-11-6 အလုပ်ချိန်ဇယား (နံနက် ၁၁ နာရီမှ ည ၁၁ နာရီအထိ၊ တစ်ပတ်လျှင် ၆ ရက်) ကျင့်သုံးသည့်အတွက် ဝေဖန်ခံရသည် ဝန်ထမ်းများသည် တစ်ပတ်လျှင် နာရီ ၇၀ ကျော် အလုပ်လုပ်ရလေ့ရှိသည်။ ထို့ပြင် လိုအပ်ပါက အချိန်ပို ဆင်းပေးရသည်။
အင်္ဂလိပ်ဆရာမှ Alibaba ကို တည်ထောင်သူ ဖြစ်လာသူ ဂျက်မားနှင့်မတူသည်မှာ ဟွမ်သည် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းများဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စတင်ကြသော တရုတ်နည်းပညာ စွန့်ဦးတီထွင်မျိုးဆက်သစ်ကို ကိုယ်စားပြုပါသည်။
အသက် ၁၂ နှစ်အရွယ်တွင် သူ၏ ထူးချွန်ထက်မြက်သော သင်္ချာစွမ်းရည်ကြောင့် အထက်တန်းစား Hangzhou Foreign Languages School တက်ရောက်ခွင့် ရသည်။ ၎င်းကျောင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်မှ အထက်တန်းစားကလေးများနှင့် အတန်းဖော်များ ဖြစ်ခဲ့သည်။
Zhejiang University မှ ကွန်ပျူတာသိပ္ပံဘွဲ့ ရပြီးနောက် ၂၀၀၂ ခုနှစ်တွင် Wisconsin တက္ကသိုလ်တွင် မဟာဘွဲ့ဆက်တက်ရန် တရုတ်နိုင်ငံမှ ထွက်ခွာခဲ့သည်။
ဘွဲ့ရပြီး ၂ နှစ်အကြာတွင် တရုတ်ပြည်သို့ ပြန်ရောက်လာခဲ့ပြီး Google China ထူထောင်ရာတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။
၂၀၀၇ တွင် ကိုယ်ပိုင်ကုမ္ပဏီ ထူထောင်ခဲ့ပြီး ၂၀၁၀ တွင် ၎င်းကုမ္ပဏီကို ရောင်းလိုက်သည်။ ထိုနောက် Alibaba ၏ Taobao နှင့် JD.com အပါအဝင် အွန်လိုင်းဈေးခင်းများတွင် ဈေးကွက်တင်သည့် ကုမ္ပဏီများကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအသစ်တခုကို ထူထောင်သည်။
၂၀၁၃ တွင် နားထဲ ပိုးဝင်သဖြင့် အနားယူရသည်။ ထိုသို့ အနားယူနေရစဉ်ကာလတွင် ပင်ဒေါဒေါ အွန်လိုင်းဈေးခင်းကို ကြံစည်စိတ်ကူးခဲ့သည်။
ပင်ဒေါဒေါ၏ အခြေခံရည်မှန်းချက်မှာ ဈေးပေါရန် မဟုတ်၊ ပစ္စည်းမှန်ဈေးမှန် ရရှိစေရေး ဖြစ်သည်ဟု ဟွမ်က ပြောသည်။
PDD သည် ရှန်ဟိုင်းမှာ နေထိုင်သည့် အိမ်ရှင်မတဦးသည် ပါရီမှ ပစ္စည်းများ လှမ်းမှာရန်မဟုတ်။ သူမ၏ မီးဖိုချောင်အတွက် လိုအပ်သည့် ပစ္စည်းများ၊ ချက်ပြုတ်စရာများကို PDD မှာ ဝယ်ယူရရှိနိုင်ဖို့ ဖြစ်သည်ဟု ဟွမ်က ရှင်းပြသည်။
တရုတ်အစိုးရက နည်းပညာလုပ်ငန်းကြီးများကို စတင်နှိပ်ကွပ်သည့်အခါ ၂၀၂၀ တွင် ဟွမ်သည် PDD ၏ စီအီးအိုအဖြစ်မှ နှုတ်ထွက်သည်။ ၂၀၂၁ တွင် PDD ၏ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်သည်။ ခပ်လျှိုလျှိုနေထိုင်သည်။ ၎င်းကာလတွင် သူ့အသားတင်ပိုင်ဆိုင်မှု ပြိုကျသွားခဲ့သည်။
PDD ၏ ပြည်ပလက်တံ Temu ဈေးဝယ်အက်ပ်သည် အောင်မြင်မှုများ ဆက်တိုက်ရရှိလာသည်။ အမေရိကန်တွင် ၂၀၂၂ စက်တင်ဘာလမှာ စတင်ခဲ့ပြီးနောက် တီးမူအက်ပ်သည် ဈေးရောင်းအကောင်းဆုံးအက်ပ် ဖြစ်လာသည်။ ပစ္စည်းဝယ်ရာတွင် အမှတ်တံဆိပ်ထက် ဈေးသက်သက်သာသာဖြင့် ရဖို့ကို ဦးစားပေးသူများ တီးမူတွင် ဈေးဝယ်ကြသည်။ လူမသိသူမသိ အမှတ်တံဆိပ်တို့၏ ပစ္သည်းများကို အမေရိကန်မှ စားသုံးသူတို့ ဝယ်ယူသမျှ တရုတ်ပြည်မှ တိုက်ရိုက်တင်ပို့သည်။
၂၀၂၃ တွင် အရောင်းဝင်ငွေ ယွမ် ၂၄၈ ဘီလီယံ ရရှိခဲ့သည်။
PDD ၏ ဈေးကွက်တန်ဖိုး ထိုးတက်သွားသည်။ တရုတ်ပြည်၏ အကြီးဆုံး အွန်လိုင်းဈေးခင်းလုပ်ငန်း Alibaba ထက် သာလွန်သွားပြီး ပထမနေရာကို PDD ရရှိသည်။ Alibaba သည် ဒုတိယနေရာသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိသွားသည်။
ထိုစဉ်မှစ၍ PDD နှင့် Alibaba တို့ အကြိတ်အနယ် ယှဉ်ပြိုင်နေခဲ့ကြသည်မှာ ယခုအချိန်အထိ ဖြစ်သည်။
PDD သည် လက်ရှိတွင် အမေရိကန်သို့ တင်သွင်းသည့် ပစ္စည်းထုပ်သည် ကန်ဒေါ်လာ ၈၀၀ အထိ အခွန်လွတ် တင်သွင်းခွင့် ပေးထားသည့် ဟာကွက်ကို အသုံးချသည်။ အမေရိကန်မှ တစ်ဦးချင်း အွန်လိုင်းအဝယ်များထံ ပေးပို့ရန် ပစ္စည်းများကို တရုတ်ပြည်ရှိ သိုလှောင်ရုံများ၌ ထုပ်ပိုးရာတွင် ကန်ဒေါ်လာ ၈၀၀ မကျော်စေရန် အထုပ်ငယ်များ ခွဲပြီး ထုပ်ပိုးကာ ပေးပို့သည်။
PDD သည် အရောင်းမြှင့်တင်ရေး ကမ်ပိန်းများအတွက် အကြီးအကျယ် အကုန်အကျခံသည်။ Super Bowl အားကစားပွဲ စက္ကန့် ၃၀ ကြော်ငြာကို ကန်ဒေါ်လာ သန်းချီပေးပြီး တီးမူကို ကြော်ငြာသည်။
အက်ပ်နှင့်ဝဘ်ဆိုက်သို့ လူအများ ရောက်လာအောင် ဆွဲဆောင်သည်။ ရောက်လာသည့်အခါ တခုခု ဝယ်ဖြစ်အောင် ကြိုးပမ်းသည်။ ထို့နောက် တီးမူမှာ ဈေးဝယ်သည့်အကျင့်ရအောင် လုပ်ပေးသည်။ ဈေးပေါပေါဖြင့် များများဝယ်ဖြစ်အောင် တိုက်တွန်းသည်။ နဖူးစည်း စာတန်းက "ဘီလျံနာတစ်ယောက်လို ဈေးဝယ်လိုက်စမ်းပါ။”ဟု တိုက်တွန်းထားသည်။
Source BLOOMBERG
#AdvertisingIndustryGuide
Comments
Post a Comment