အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

 Apple သည် အမေရိကန်တွင် ရောင်းချသည့် iPhone များကို တရုတ်နှင့် အိန္ဒိယတို့တွင် ထုတ်လုပ်ကာ အမေရိကန်သို့ တင်သွင်းပြီး ရောင်းချသည်။



ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်သို့ တင်ပို့သည့် နိုင်ငံများအပေါ် အကောက်ခွန်နှုန်းထားများ မြင့်မြင့်မားမား ပြဋ္ဌာန်းသဖြင့် အမေရိကန်သို့ တင်သွင်းရောင်းချသည့် အိုင်ဖုန်းများသည် အသစ်ပြဋ္ဌာန်သည့် အကောက်ခွန်နှုန်းထားများအရ အခွန်ပေးဆောင်ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ရောင်းဈေး မြင့်တက်မည် ဖြစ်သည်။


Apple သည် လက်ရှိတွင် ၎င်း၏ ပစ္စည်းများ ထုတ်လုပ်မှုကို ၈၀% ကျော်အထိ တရုတ်ပြည်မှာ ထုတ်လုပ်သည်။ ထရမ့်က တရုတ်ပစ္စည်းများ တင်သွင်းသည့်အပေါ် အကောက်ခွန် ၁၄၅% စည်းကြပ်ရန် ပြဋ္ဌာန်းထားသဖြင့် တရုတ်နိုင်ငံထုတ် Apple ပစ္သည်းများ အမေရိကန်သို့ တင်သွင်းလျှင် အကောက်ခွန် ၁၄၅% စည်းကြပ်ခံရမည်။


အဆိုပါ အကောက်ခွန်နှုန်းကို ရှောင်လွှဲရန် အိုင်ဖုန်းများကို ပြည်ပတွင် ထုတ်လုပ်ပြီး တင်သွင်းခြင်းအစား အမေရိကန်တွင် ထုတ်လုပ်မည်ဆိုပါက လုပ်သားစရိတ် ကြီးမားသဖြင့် အိုင်ဖုန်းသည် မတန်တဆဈေးကြီးနေမည်ဟု လေ့လာဆန်းစစ်သူတို့က တညီတညွှတ်တည်း ဆိုကြသည်။

အမေရိကန်တွင် အိုင်ဖုန်း ထုတ်လုပ်ရန် မဖြစ်နိုင်ဟု ကောက်ချက်ချကြသည်။


Bank of America Securities မှ လေ့လာဆန်းစစ်သူ Wamsi Mohan က လက်ရှိစျေးနှုန်း $1,199 ရှိသည့် iPhone 16 Pro သည် အခြား ကုန်ကျစရိတ်များ အသာထားအလုပ်သမားစရိတ် တစ်ခုတည်းကြောင့်နှင့်ပင်လျှင် ၂၅% တိုးလာနိုင်ကြောင်း၊ ၎င်း၂၅% တိုးသည့်အတွက် ရောင်းဈေး $1,500 ဝန်းကျင် ဖြစ်သွားမည်ဟု ပြောကြားသည်။ 

ပိုမိုကုန်ကျမည့် စရိတ်စက အမျိုးမျိုး ထည့်ပေါင်းလိုက်ပါက ဈေးအသက်သာဆုံး အိုင်ဖုန်းမော်ဒယ် ရောင်းဈေးသည် ကန်ဒေါ်လာ ၃၅၀၀ ဖြစ်မည်ဟု တွက်ဆထားသည်။


Apple သည် ကယ်လီဖိုးနီးယားတွင် အိုင်ဖုန်းတွင် ဒီဇိုင်းထုတ်သည့် အဆင့်အထိသာ လုပ်က်ုင်သည်။ ထုတ်လုပ်မှု ကိစ္စအဝဝတို့ကို Apple ၏ထိပ်တန်းပေးသွင်းသူ Foxconn ကဲ့သို့သော ကန်ထရိုက်ယူပြီး ထုတ်လုပ်သူများမှ တရုတ်နှင့် အိန္ဒိယတို့တွင် တပ်ဆင်ထုတ်လုပ်ပေးသည်။

အကယ်၍ အမေရိကန်တွင် တပ်ဆင်ထုတ်လုပ်ရန် ပစ္စည်းအစိတ်အပိုင်းများကို မှာယူတင်သွင်းမည် ဆိုပါက ပစ္စည်းအစိတ်အပိုင်း အားလုံးနီးပါးသည် ထရမ့် နောက်ဆုံးပြဋ္ဌာန်းသော အကောက်ခွန်နှုန်းထားကို ပေးဆောင်ရမည်ဖြစ်သဖြင့် အကြောင်းမထူးချေ။ 

လိုအပ်သည့် ပစ္စည်း အစိတ်အပိုင်းများကို အမေရိကန်သို့ ပြောင်းရွှေ့ ထုတ်လုပ်မည်ဆိုလျှင် လက်ရှိ ပစ္စည်းပေးသွင်း ကွင်းဆက်၏ ၁၀% မျှကိုသာ အမေရိကန်သို့ ပြောင်းရွှေ့မည် ဆိုလျှင်တောင် အချိန် ၃ နှစ်ကြာမည်။ ကန်ဒေါ်လာ ၃၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရမည်။


အကယ်၍ Apple သည် Foxconn အပါအဝင် ကန်ထရိုက်ယူပြီး ပစ္စည်းထုတ်လုပ်ပေးသူများကို အမေရိကန်သို့ ရွှေ့ပြောင်းစေပြီး အိုင်ဖုန်းကို အမေရိကန်တွင် တပ်ဆင်ထုတ်လုပ်ရန် ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံသည် ဆိုပါစို့။ အမေရိကန် အစိုးရ၏ မူဝါဒက တရုတ်ပစ္စည်း တင်သွင်းမှု အပေါ် ဖြေလျှော့လိုက်လျှင် ၎င်းစက်ရုံစီမံကိန်းသည် အရှုံးပြသွားလိမ့်မည်။ များများထုတ်လေ များများရှုံးလေ ဖြစ်နေမည်။

စက်ရုံကို တွက်ခြေမကိုက် အသုံးမဝင် ဖြစ်သွားစေမည့် အမေရိကန် ကုန်သွယ်မှု မူဝါဒမျိုးသို့ ပြောင်းလဲမည် မဟုတ်ကြောင်း အာမခံချက် မရှိချေ။


တပ်ဆင်ထုတ်လုပ်မည့် စက်ရုံအတွက် အလုပ်သမားများ အလုံအလောက် ရရှိရန်မှာလည်း အခက်အခဲ တခု ဖြစ်သည်။

အမေရိကန်တွင် တရုတ်ပြည်ကဲ့သို့ လုပ်သားအင်အား ပေါပေါများများ မရရှိနိုင်ချေ။

သို့သော် ထရမ့်က အလုပ်အကိုင် အများအပြား ရကြမည်ဟု ယူဆသည်။

Foxconn ၏ အိုင်ဖုန်းထုတ်လုပ်သည့် စက်ရုံ၌ မြို့ငယ်တခုသဖွယ် ဖြစ်နေသည့် စက်ရုံဝင်းအတွင်းမှာ အလုပ်သမားများ နေထိုင်ရန် အဆောင် အထပ်မြင့် အဆောက်အဦများ၊ အလုပ်အတက်အဆင်းအတွက် လွန်းပျံဘတ်စ်များ စီစဉ်ပေးထားသည်။

တနှစ်တကြိမ် စက်တင်ဘာလတွင် iPhone မော်ဒယ် အသစ်များ မထွက်မီတွင် ထုတ်လုပ်မှု များပြားသဖြင့် အလုပ်ခန့်သည့်ဦးရေ မြင့်တက်သည်။ ပြီးလျှင် ပြန်လျော့ကျသည်။ ရာသီအလိုက် အတိုးအလျော့ ရှိသည်။ 

တရုတ်ပြည် ဟီနန်မှ ကမ္ဘာ့အကြီးဆုံးအိုင်ဖုန်း စက်ရုံတွင် Foxconn သည် စက်တင်ဘာလ အိုင်ဖုန်းမော်ဒယ်အသစ်များ ထွက်သည်ကို အချိန်မီ ထုတ်လုပ်နိုင်ရန် အလုပ်သမား ၅ သောင်းဝန်းကျင်ကို ယာယီဖြည့်ထည့်သည်။ 

အလုပ်သမားများသည် စက်ရုံတွင် ကာလတိုအတွင်း အလုပ်လုပ်ရန် အနီးနားရှိ ဒေသများမှ ရောက်ရှိလာကြသည်။ အလုပ်ဝင်သည့်အတွက် ဆုကြေး ယွမ် ၇,၅၀၀ ($1,000 ခန့်) ရသည်။

Foxconn ၏ စက်ရုံများသည် ယခုအခါ အသားကျနေပြီဖြစ်ပြီး တနှစ်လျှင် အိုင်ဖုန်း အလုံးရေ သန်း ၂၀၀ ကျော် ထုတ်လုပ်ပေးလျက် ရှိသည်။


Foxconn ၏ အလုပ်ခွင်များသည် ပင်ပန်းသည်။ အလုပ်သမားများကို အချိန်ပိုဆင်းမှသာ ဝင်ငွေ အလုံအလောက်ရအောင် ဖန်တီးထားသည်။ 

လုပ်ငန်းခွင် အခြေအနေသည် ဖိအားများသည်။ နေထိုင်သည့် အဆောင်အထပ်အမြင့်မှ ခုန်ချပြီး သတ်သေခြင်းများ ရှိနေသဖြင့် အဆောင်အဆောက်အဦမှာ ခုန်ချမရအောင် သံဇကာနံရံများ ပိတ်ကာပေးထားရသည်။

အလုပ်ပါးသည့် လများတွင် လုပ်ခဝင်ငွေ လျော့သည်။ အလုပ်များသည့် ရာသီတွင် လုပ်ခဝင်ငွေ များသည်။ အလုပ်များသည့် ရာသီတွင် လုပ်ခ တနာရီ ၂၆ ယွမ် ($3.63) ရသည်။ 

အမေရိကန် ကယ်လီဖိုးနီးယားတွင် အနည်းဆုံးလုပ်ခသည် တနာရီ $16.50 ဖြစ်သဖြင့် တရုတ်ပြည်ထက် ၄ ဆ ကျော် ၅ ဆ နီးပါး ရှိသည်။

တရုတ်ပြည်တွင် အိုင်ဖုန်း တပ်ဆင်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့အတွက် $40 ကုန်ကျလျှင် အမေရိကန်တွင် $200 ကုန်ကျမည်။


နောက်ထပ် ကိစ္စရပ်တခုမှာ အမေရိကန်လုပ်သားများတွင် လိုအပ်သည့် တတ်ကျွမ်းမှုများနှင့် လျင်မြန်သွက်လက်မှုများ မရှိဟု အက်ပဲလ် စီအီးအို တင်မ်ကွပ်က ထောက်ပြသည်။

အင်ဂျင်နီယာပိုင်းတွင်လည်း စက်ပိုင်းဆိုင်ရာကို နိုင်နိုင်နင်းနင်း မရှိကြချေ။

Apple က အိုင်ဖုန်းမော်ဒယ်အသစ်များအတွက် ဒီဇိုင်းကို ကွန်ပျူတာဖိုင်များဖြင့် ပေးသည်။ တရုတ်ပြည်မှ အင်ဂျင်နီယာတို့က မည်သည့်စက်များကို မည်သို့မည်ပုံ အသုံးပြုပြီး လိုချင်သည့် ပစ္စည်းများ ထုတ်လုပ်ပေးရမည်ကို တတ်ကျွမ်းကြသည်။

ကွန်ပျူတာဖိုင်များကို လိုချင်သည့်အတိုင်း အတိအကျ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်လာအောင် ထုတ်လုပ်ပေးနိုင်ကြသည်။ တတ်ကျွမ်းမှု အမျိုးမျိုးကို တတ်ကျွမ်းသူများ အရေအတွက်များများဖြင့် တနေရာတည်းမှာ ရနိုင်သည်။ 


Foxconn သည် ထုတ်လုပ်မှုကို အမေရိကန်သို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့ဖူးသည်။

ထရမ့် ပထမအကြီမ် သမ္မတ သက်တမ်းတွင် ၂၀၁၇ ခုနှစ်မှာ Foxconn သည် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အမေရိကန်တွင် စက်ရုံများ ထူထောင်မည်ဟု ထရမ့်က ကြေညာသည်။

 Apple သည် မည်သည့်အခါမှ Foxconn ၏ အဆိုပါစီမံကိန်းတွင် တရားဝင် ပတ်သက်ခြင်း မရှိသော်လည်း ထရမ့်က Apple အတွက် စက်ရုံ ၃ ရုံ ဆောက်လုပ်မည့် စီမံကိန်းဟု ပြောကြားသည်။

Foxconn သည် စက်ရုံမှာ မည်သည့်ပစ္စည်းများ ထုတ်လုပ်မည် ဆိုသည်ကို အကြိမ်ကြိမ် ပြောင်းလဲသည်။ နောက်ဆုံး၌ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေစဉ် မတ်စ်များ ထုတ်လုပ်သည်။ အီလက်ထရွန်းနစ်နှင့် လုံးဝ မသက်ဆိုင်သည့် ထုတ်ကုန်ဖြစ်သည်။ စီမံကိန်းသည် အလုပ်အကိုင် ၁၃,၀၀၀ ဖန်တီးပေးမည်ဟု ဆိုသော်လည်း ၁,၄၅၄ သာ ဖန်တီးခဲ့သည်။

ကပ်ရောဂါကာလအတွင်း စက်ရုံစီမံကိန်းကို စွန့်လွှတ်ခဲ့ပြီး အများစုမှာ မဆောက်လုပ်ဖြစ်တော့ချေ။


Apple သည် ၂၀၁၁ ခုနှစ်တွင် Foxconn နှင့် လက်တွဲပြီး ဘရာဇီးသို့ iPhone ထုတ်လုပ်မှုကို တိုးချဲ့ခဲ့သည်။ ဘရာဇီးနိုင်ငံ၏ ကြီးမားသော သွင်းကုန်ခွန်များကို ရှောင်ရှားရန်အတွက် ဘရာဇီးမှာ အိုင်ဖုန်း ထုတ်လုပ်သည့် ကန်ဒေါ်လာ ၁၂ ဘီလီယံတန် စက်ရုံ ထူထောင်သည်။ ၎င်းစက်ရုံသည် ယနေ့အထိ လည်ပတ်နေဆဲ ဖြစ်သည်။ ၎င်းစက်ရုံမှာ အမေရိကန်သို့ တင်ပို့ရန် အိုင်ဖုန်းများ ထုတ်လုပ်နိုင်ဖွယ် ရှိသည်။

စက်ရုံသည် တပ်ဆင်ထုတ်လုပ်ရန်သာ ဖြစ်သည်။ ပစ္စည်းအစိတ်အပိုင်းများကို အာရှမှ တင်သွင်းသည်။ စက်ရုံ စတင်လည်ပတ်ပြီး ၄ နှစ်အကြာ ၂၀၁၅ တွင် ဘရာဇီးနိုင်ငံထုတ် အိုင်ဖုန်း လက်လီရောင်းဈေးသည် တရုတ်ပြည်မှာ ထုတ်လုပ်သည့် အိုင်ဖုန်းထက် ဈေးနှစ်ဆကြီးသည်။ 


Apple အတွက် ချစ်ပ်များ ထုတ်လုပ်ပေးသည့် Taiwan Semiconductor Manufacturing Co TSMC သည် အမေရိကန်တွင် ချစ်ပ်ထုတ်လုပ်ရန် အာရီဇိုးနားတွင် စက်ရုံအသစ် တည်ဆောက်ခဲ့ရာတွင် အောင်မြင်မှု ရရှိသည်။ ၎င်းစက်ရုံသစ်မှ အရေအတွက် အနည်းငယ်သာ ထုတ်လုပ်သည့် နောက်ဆုံးပေါ် ချစ်ပ်များကို Apple က ဝယ်ယူသုံးစွဲသည်။ 


 iPhones တွင် ပါဝင်သည့် ပစ္စည်းအစိတ်အပိုင်းများကို အာရှတွင် ထုတ်လုပ်သည်။ 

ချစ်ပ်များကို TSMC က ထိုင်ဝမ်တွင် ထုတ်လုပ်ပေးသည်။

display ကို တောင်ကိုရီးယားမှ Samsung နှင့် LG တို့က ထုတ်လုပ်ပေးသည်။

အခြားအစိတ်အပိုင်းများ အများစုကို တရုတ်မှာ ထုတ်လုပ်သည်။


အမေရိကန်တွင် အိုင်ဖုန်းတပ်ဆင်ရန် ၎င်းပစ္စည်းများ တင်သွင်းသည့်အခါ သက်ဆိုင်ရာနိုင်ငံအလိုက် ပြဋ္ဌာန်းထားသည့် အကောက်ခွန်နှုန်းထားများကို ပေးဆောင်ရမည် ဖြစ်သည်။

ခြွင်းချက်မှာ ချစ်ပ်များအတွက် အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားသည်။

 

Steve Jobs မကွယ်လွန်ခင်က Apple စီအီးအို အဖြစ် လုပ်ကိုင်ခဲ့စဉ် ထိုစဉ်က အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အိုင်ဖုန်းကို အမေရိကန်တွင် ထုတ်လုပ်ရန် ဖြစ်နိုင် မဖြစ်နိုင် စတိဗ်ဂျော့ကို ၂၀၁၁ ခုနှစ်တွင် ညစာအတူစားကြစဉ် မေးမြန်းတီးခေါက်ကြည့်ခဲ့ဖူးသည်။ ဂျော့က လိုရင်းတိုရှင်း အဖြေပေးခဲ့သည်။

“အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး”ဟု ဂျော့က ဖြေသည်။


အိုင်ဖုန်း ထုတ်လုပ်ရန် လုပ်ကိုင်ကြရသည့် အလုပ်များသည် အာရှသို့ ရောက်ရှိနေသည်။ အလုပ်အများစုသည် တရုတ်ပြည်မှာ ရှိနေသည်။ အမေရိကန်သို့ ရောက်မလာနိုင်ချေ။


အမေရိကန်၏ သမ္မတနှင့် Apple ၏ စီအီးအိုတို့ လူပြောင်းသွားသော်လည်း "Made in the USA" iPhone စိတ်ကူးရည်မှန်းချက်သည် ဆက်လက်ကျန်ရှိနေသေးသည်။


အမေရိကန်တွင် iPhone များ ထုတ်လုပ်ရန် လုပ်သားအင်အားစုနှင့် အရင်းအမြစ်များရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ယူဆထားသည်။



Source cnbc

#ICTIndustryGuide 


Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်