သူ့ကို ငါတို့ မကြောက်ကြပါဘူး။

 ပူပြင်းသော နွေဦးရာသီတွင် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ကျဲ့ကျန်းပြည်နယ် အိဝူမှ ခရစ္စမတ်သစ်ပင်စက်ရုံတွင် အလုပ်သမားများသည် ပလပ်စတစ် ထင်းရှူးပင်များ၏ အကိုင်းအခက်အလက်များပေါ်မှာ နှင်းများအဖြစ် အဖြူရောင်ဆေး သုတ်လိမ်းနေကြသည်။

ကျဲ့ကျန်းပြည်နယ်၏ မရေမတွက်နိုင်သော အခြားကုန်ထုတ်လုပ်သည့် ကုမ္ပဏီများနည်းတူ ၎င်းစက်ရုံ၏ထုတ်ကုန် ပလပ်စတစ် ထင်းရှူးပင်များများသည်လည်း ပြည်ပ ပို့ကုန်ဆီသို့ အဓိက ဦးတည်ထားသည်။

ယခုအခါ ပြည်ပပို့ကုန်လုပ်ငန်းကဏ္ဍတွင် အမေရိကန်သို့ အဓိကအားဖြင့် တင်ပို့သည့် ကုန်ထုတ်လုပ်ငန်း အများအပြားတို့သည် အမေရိကန်သမ္မတ၏ မြင့်မားသော တန်ပြန်အကောက်ခွန်နှုန်းထားကြောင့် ကြောက်လန့်တကြား ဖြစ်ကုန်ကြရသည်။


အင်္ဂါနေ့ (ဧပြီ ၈ ရက်) တွင် အမေရိကန်သမ္မတသည် အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန် ၁၀၄% တိုးမြှင့်ခဲ့သည်။ နောက်တနေ့တွင် ၁၂၅% သို့ တိုးမြှင့်သည်။ ထို့နောက် စုစုပေါင်း ၁၄၅% စည်းကြပ်ရန်ပြဋ္ဌာန်းသည်။


"အစပိုင်းမှာတော့ ကုန်ထုတ်လုပ်ငန်းကဏ္ဍမှာ အဆိုးမြင်တာ တချို့ရှိခဲ့တယ်" ဟု စက်ရုံအကြီးအကဲ Jessica Guo က ပြောကြားသည်။

“ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ ပိုစည်းလုံးလာတယ်၊ ဆိုလိုတာက ဒီလိုမျိုး အနိုင်ကျင့်လို့ မရဘူးလို့ ခံပြင်းတယ်။ ဒီခက်ခဲတဲ့အဆင့်ကို တိုင်းပြည်နဲ့အတူတကွ ဖြတ်ကျော်ဖို့ ဆန္ဒရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။


တရုတ်အစိုးရသည် တုံ့ပြန်တိုက်ခိုက်သည့် စိတ်နေစိတ်ထားဖြင့် သောကြာနေ့တွင် တရုတ်ပြည်သို့ တင်သွင်းသည့် အမေရိကန်သွင်းကုန်များအပေါ် အကောက်ခွန် ၁၂၅% စည်းကြပ်မည်ဟု တိုးမြှင့်သတ်မှတ်လိုက်သည်။

ပါးကိုက်၍နားကိုက်ကြခြင်းကြောင့် အမေရိကန်-တရုတ် ကုန်ပစ္စည်းများ ကုန်သွယ်မှုကို ၈၀% လျော့ကျနိုင်သည်ဟု ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ World Trade Organisation WTO မှ ပြောကြားသည်။


Guo ၏ ခရစ်စမတ်ရာသီ ထုတ်ကုန်များ ထုတ်လုပ်သည့် စက်ရုံတွင် သက်ရောက်မှုများကို မြင်တွေ့နေရသည်။

လောလောဆယ် အမေရိကန်မှ အမှာစာများ မရှိပါ။

အမှာစာ အချို့အဝက်တို့သည် ဆိုင်းငံ့ခံရသည်။ ကျန်သည့် အမှာစာများအတွက် အတည်ပြုချက် မရရှိချေ။

အခြားဒေသခံ ခရစ္စမတ်သစ်ပင်ထုတ်လုပ်သူများလည်း ထိခိုက်ကြောင်း သူမက ပြောသည်။ 

သို့သော် ကွမ်တုန်းပြည်နယ်မှ စက်ရုံများလောက်တော့ မဆိုးလှပါဟု သူမက ဆိုသည်။ ကွမ်တုန်းတောင်ပိုင်းရှိ စက်ရုံအချို့သည် အမေရိကန်မှ ဝယ်လက်အကြီးစား တဦးတည်းက သိမ်းကျုံး ဝယ်ယူရန် အမှာစာ ပေးအပ်ထားသည်။ ယခု ၎င်းက အမှာစာများအားလုံးကို ဆိုင်းငံ့ထားလိုက်သည်။


ကျဲ့ကျန်းမှ စက်ရုံပိုင်ရှင်များသည် အမေရိကန်အပြင် အခြားနိုင်ငံများမှ ဝယ်လက်များနှင့်လည်း ချိတ်ဆက်ထားကြသည်။

Guo ၏ စက်ရုံသည် ဂွာတီမာလာနှင့် ချီလီ နိုင်ငံများသို့လည်း တင်ပို့သည်။

"ကျမတို့က အမေရိကန်ဈေးကွက် တခုတည်းအပေါ် မှီခိုအားထားနေရတာကို တဖြည်းဖြည်း လျှော့ချခဲ့ကြတယ်၊ တခြားဈေးကွက်တွေ စရှာခဲ့ကြပါတယ်" ဟု သူမက ပြောကြားသည်။ 


အနီးတဝိုက်ရှိ စက်ရုံငယ်တခုမှ အရောင်းဝန်ထမ်း ကာစီက သူမ၏ စက်ရုံသည် ယခင်က အမေရိကန်ဈေးကွက်သို့ ၈၀% တင်ပို့ရာမှ ယခုအခါ ၂၀% သာ တင်ပို့တော့ကြောင်း ပြောပြသည်၊

သူမ၏စက်ရုံသည်လည်း အမေရိကန်မှ အမှာစာများ ဆိုင်းငံ့ခံရသည်။

"စစချင်းမှာတော့ အမေရိကန်ဝယ်လက်တွေက အကောက်ခွန် မြင့်တက်တာကို အတူတကွ ရင်ဆိုင်ကြမယ်လို့ ပြောကြတယ်။ အကောက်ခွန်က အကြိမ်ကြိမ် မြင့်တက်တယ်။ နောက်ပိုင်း မဟားဒရား တက်တော့ သူတို့အထဲမှာ ယူနိုင်တဲ့သူ တယောက်မှ မရှိဘူး" ဟု သူမက ပြောကြားသည်။

"အခုတော့ ထရမ့်က ဘယ်လို ဆုံးဖြတ်ချက်တွေ နောက်ထပ် ချဦးမလဲဆိုတာကို စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်"ဟု သူမက ဆိုသည်။

သူမ၏ စက်ရုံတွင် ဒေါနယ်ထရမ့်အရုပ်များ ထုတ်လုပ်သည်။ ဥရောပဈေးကွက်သို့ တင်ပို့သည်။ 

"သူ ဒီလောက်မရူးသင့်ဘူးထင်တယ်။ သူက ငါတို့အပေါ် အကောက်ခွန်တွေ ထပ်ထည့်တာက သူတို့အတွက် ဘာတခုမှ တကယ်အကျိုးမရှိဘူး"ဟု သူမက ပြောသည်။


၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အရောင်းစာရေးမ ကာစီက တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် အိဂူမြို့ရှိနေရောင်ခြည်စွမ်းအင်သုံး ပလတ်စတစ်ပစ္စည်းများ အထူးပြုစက်ရုံတွင် ဒေါ်နယ်ထရမ့် အရုပ်နမူနာများကို ပြသနေစဉ်


ကျဲ့ကျန်၏ အပေါ့စားစက်မှုလုပ်ငန်းကဏ္ဍ၏ အချက်အချာသည် အိဝူမြို့ရှိ ကမ္ဘာ့အကြီးဆုံး လက်ကားဈေးကြီး ဖြစ်သည်။

သောင်းနှင့်ချီသော စျေးဆိုင်များသည် ပစ္စည်းသန်းပေါင်းများစွာကို ရောင်းချသည်။ 

အီလက်ထရွန်းနစ်ပစ္စည်း အမျိုးစုံကို ရောင်းချသည်။ 

စျေးသည်အများစုသည် တောင်အမေရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှတို့ရှိ နိုင်ငံများမှ ဖောက်သည်များ ရှိကြသည်။ 


"ကုန်သွယ်ရေးစစ်ပွဲ ကြီးမားလာရင်... တည်ငြိမ်တဲ့ သဘောထားအမြင်နဲ့ ကြည့်သင့်တယ်"ဟု ဝါရင့်ဈေးသည် Wang Xuxue က ပြောကြားသည်။ 

လုပ်ငန်းအများအပြားတို့သည် အမေရိကန်ဈေးကွက်အစား အခြားဈေးကွက်များတွင် ရောင်းချရန်အတွက် ပစ္စည်းအမျိုးအမည်အသစ်များ စတင်ထုတ်လုပ်ကြသည်။

"တရုတ်လူမျိုးတွေက တော်တော်စည်းလုံးကြပါတယ်။ ငါတို့ အလုပ်ပိုကြိုးစားတယ်။ ကုန်ကျစရိတ်‌တွေ ပိုခြိုးခြံချွေတာကြတယ်။ စျေးနှုန်းစစ်ပွဲကို တိုက်ဖို့ သူ့ကို ငါတို့ မကြောက်ကြပါဘူး။ ငါတို့အားလုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အရမ်းရှိကြပါတယ်" ဟု သူမက ပြောသည်။

Source AFP

#Guide4U 

Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်