အခန်းထဲမှာ BYD ဆိုတဲ့ ဆင်ကြီးတကောင် ရောက်နေတယ်

 Tencent News ၏ Auto Market Hot Topics+ စကားဝိုင်းတွင် တရုတ်ထိပ်တန်းအီးဗီလုပ်ငန်း သုံးခု Nio၊ Xpeng နှင့် Li Auto တို့၏ အနာဂတ်ကို ဆွေးနွေးထားပါသည်။





Tongji University ၏ မော်တော်ကားအင်ဂျင်နီယာကျောင်းမှ ပါမောက္ခ Zhu Xican ၏ အဆိုအရ ၎င်းအီးဗီလုပ်ငန်း သုံးခုတွင် တစ်ခုမှ ဒေဝါလီခံခြင်း မရှိပါက ၎င်းတို့ တသီးတခြားစီ ဆက်လက်ရပ်တည်နိုင်ရန် ဖြစ်နိုင်ခြေမှာ သုညဖြစ်သည်။


“သူတို့က ပေါင်းစည်းရေးအတွက် ပြန်လည်ဖွဲ့စည်းတည်ဆောက်ပြီး ပူးပေါင်း‌ရေးကို မဖြစ်မနေ အမြန်ဆုံးဆောင်ရွက်ကြရမယ်”ဟု ၎င်းက ပြောကြားသည်။


Zhu ၏ အဆိုအရ တစ်နှစ်လျှင် ကားအစီးရေ ၂ သန်းအောက် ရောင်းချသည့် မည်သည့် အီးဗီ ထုတ်လုပ်သူမဆို ဆက်လက်ရှင်သန် ရပ်တည်နိုင်မည် မဟုတ်ချေ။

အကြောင်းမှာ ရောင်းချသည့် အစီးရေသည် သုတေသနနှင့်ဖွံ့ဖြိုးရေး စရိတ်စကများကို ကာမိပြီး အမြတ်ရသည့် အရေအတွက် မဟုတ်သောကြောင့် ဖြစ်သည်။ 

အကယ်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေလျှင် နည်းပညာ ရှေ့သို့တိုးတက်မှု ရပ်သွားမည်။ 

အကယ်၍ သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု မြင့်မားနေလျှင် ရောင်းချသည့် အစီးရေ နည်းနေသဖြင့် အရှုံးပြပြီး လုပ်ငန်းပြုတ်သွားမည်။


Li Auto သည် ကြီးကြီးမားမား အမှားများ ရှောင်နိုင်အောင် စီမံခဲ့သဖြင့် အောင်နိုင်သူ ဖြစ်လာသည်ဟု Zhu က သုံးသပ်သည်။ 


Xpeng သည် အစောပိုင်းတွင် အမှားပြုခဲ့သည်။ ဆော့ဖ်ဝဲလ်အပေါ် အားကိုးမှု လွန်ကဲခဲ့ပြီး ဟာ့ဒ်ဝဲလ်ကို အရေးမလုပ်ခဲ့ချေ။ ယခင်က Great Wall Motor GWM စီအီးအို Wang Fengying သည် Xpeng သို့ ရောက်လာခဲ့ပြီး ဥက္ကဋ္ဌ (President)ရာထူး ရယူပြီးသည့်နောက်တွင် ၎င်းအမှားကို ပြင်ပေးခဲ့ရာ Xpeng စီအီးအို He Xiaopeng က သဘောတူ လိုက်လျောပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။


Nio ထူထောင်သူ William Li သည် သုတေသနနှင့်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုများကို အားမစိုက်။ Nio ပရိသတ်အသိုင်းအဝိုင်းများ၏ အရှိန်အဝါများ ဖန်တီးရန် အလေးပေးလွန်းသည်။ 



၎င်းစကားဝိုင်းတွင် ပါဝင်ဆွေးနွေးတင်ပြခဲ့သူတဦးဖြစ်သည့် Li Yanwei သည် တရုတ်နိုင်ငံ မော်တော်ယာဉ် အရောင်းကိုယ်စားလှယ်များ အသင်း၏ ကျွမ်းကျင်မှုကော်မတီအဖွဲ့ဝင်ဖြစ်သည်။


Li က လက်ရှိ အီးဗီ စျေးကွက်မှာ သေဆုံးသွားဖို့ လိုအပ်သည့် ကားအမှတ်တံဆိပ်များ အများကြီး ရှိနေသည်ဟု ယူဆသည်။


“ဆက်လက်ရှင်သန်နိုင်တဲ့ ကုမ္ပဏီတွေ အများကြီးရှိမယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ အခန်းထဲမှာ BYD ဆိုတဲ့ ဆင်ကြီးတကောင် ရောက်နေတယ်။ ဒီ‌တော့ အခန်းထဲ နေရာသိပ်မကျန်တော့ဘူး။ တခြားကုမ္ပဏီသေးသေးလေးတွေက ဆက်လက်တည်ရှိဖို့ မထိုက်တန်တော့ဘူး"ဟု Li က ပြောကြားသည်။




စကားဝိုင်းမှာ ပါဝင်သူတဦးဖြစ်သည့် Yiran က အီးဗီကုမ္ပဏီတခု ဆက်လက်ရှင်သန်ရန် တနှစ် အစီးရေ အနည်းဆုံး ၂ သန်း ရောင်းနိုင်ဖို့ လိုအပ်လျှင် တရုတ် အီးဗီဈေးကွက်သည် တနှစ် အစီးရေ သန်း ၂၀ ခန့် ရောင်းချသဖြင့် လွန်ရောကျွံရော အီးဗီကုမ္ပဏီ ၁၀ ခုသာ ဆက်လက်ရှင်သန် ရပ်တည်နိုင်လိမ့်မည်။ ကျန်သည့် ကုမ္ပဏီများ အားလုံး၏ အနာဂတ်မှာ မသေချာချေဟု သုံးသပ်သည်။


တက်စလာသည် ကမ္ဘာတလွှား ဂုဏ်ဒြပ်ကြီးမားသည့် လျှပ်စစ်ကား အမှတ်တံဆိပ်ဖြင့် ရပ်တည်နေခဲ့သည်။ ၎င်းဂုဏ်ဒြပ်ကြောင့် တက်စလာကို ဝယ်စီးကြသူများ များပြားနေသည်။ ရောင်းအား မြင့်မားသည်။ တရုတ်ပြည်တွင် တပတ်ရစ် တက်စလာအီးဗီများ ဈေးကောင်းရနေခြင်းကြောင့်လည်း ကားအသစ် ရောင်းအား ကောင်းစေသည်။ တက်စလာသည် ကားတစီး ရောင်းချလိုက်တိုင်း ရသည့်အမြတ်မာဂျင် မြင့်မားသည်ဟု Yiran က ပြောကြားသည်။ 




Auto Market Hot Topics+ စကားဝိုင်း အဆုံးသတ်တွင် ကောက်ချက်ချခဲ့ကြသည်။

တရုတ်အီးဗီဈေးကွက်တွင် မင်းမူနေသည့် BYD သည် ကုန်ကျစရိတ် ထိန်းချုပ်နိုင်သည်။ တက်စလာက ဂုဏ်ဒြပ်နှင့် အရွယ်အစား ကြီးမားသည်။

သို့ဖြစ်ရာ တရုတ်အီးဗီအမှတ်တံဆိပ် ထိပ်တန်း ၃ ခုအဖြစ် ပေါ်ထွက်လာသည့် Nio, Xpeng, Li Auto တို့သည် ပေါင်းစည်းခြင်း၊ ၎င်းတို့၏ ရှေ့သို့ရောက်သည့် နည်းပညာကို ပြန်လည်တီထွင်ခြင်း မလွဲမသွေ လုပ်ဆောင်ကြရမည်။ ထို့သို့ မလုပ်ဆောင်ပါက မျိုးတုံးပျောက်ကွယ်သွားလိမ့်မည်။

တစင်ထောင်ပြီး တသီးတခြားစီ ဆက်လက်ရပ်တည်နေကြလျှင် သက်တင်ရှင်ကျန်ရန် ဖြစ်နိုင်ခြေမှာ သုညဟု Zhu Xichan ပြတ်ပြတ်သားသားပြောဆိုသည်။


Source carnewschina 

#AutomobileIndustryGuide 

Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး