အက်တမ် (ATOM)သည် အနာဂတ်လူငယ်များ၏ အရည်အချင်းကို ပံ့ပိုးမြှင့်တင်ရန် ထိပ်တန်း ပညာရေးအဖွဲ့အစည်းလေးခုနှင့် အလုပ်သင်အစီအစဉ်အား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို လက်မှတ်ရေးထိုး

  •  အက်တမ် (ATOM)သည် လူငယ်ကျွမ်းကျင်ပညာရှင်များအား လေ့ကျင့်ပျိုးထောင်ပေးရန် မိတ်ဖက် ကျောင်း (၄)ကျောင်းနှင့် (၃) လကြာ အလုပ်သင်အစီအစဉ် စတင်။
  • အလုပ်သင်များအတွက် အက်တမ် (ATOM)တွင် လက်တွေ့လုပ်ငန်းအတွေ့အကြုံ၊ လမ်းညွှန်ပြသမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် ရည်ရွယ်။
  • အက်တမ် (ATOM) ၏ ကတိကဝတ်များအတိုင်း လူငယ်များကို ပြုစုပျိုးထောင်ပြီး ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ဆောင်ရွက်။

 


မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM)သည် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများတွင် လူငယ်ပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် ရေရှည်အလုပ်သင်အစီအစဉ်ကို ထိပ်တန်း ပညာရေးအဖွဲ့အစည်း လေးခုဖြစ်သည့် Gusto College၊ Matrix College၊ Chindwin College၊ Strategy First Education Group တို့နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။



လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မေလ ၂၂ ရက်တွင်ကျင်းပခဲ့ပြီး အက်တမ် (ATOM)၏ အမှုဆောင်အရာရှိများ၊ တက္ကသိုလ်ကျောင်းများ၏ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ Gusto College၊ Matrix College၊ Chindwin College နှင့် Strategy First Education Group တို့မှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြပြီး လုပ်ငန်းနယ်ပယ်နှင့် ပညာရေးအကြား လက်တွဲဆောင်ရွက် မှုများကို ပိုမိုမြှင့်တင်ရန်နှင့်၊ ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မှုကို အားပေး ထောက်ခံကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။

အက်တမ် (ATOM) ၌ (၃) လကြာအလုပ်သင်ယူခွင့်အစီအစဉ်ကို နောက်ဆုံးနှစ်ကျောင်းသားများ သို့မဟုတ် ဘွဲ့ရပြီးခါစလူငယ် စုစုပေါင်း ၁၂ ဦးတို့အတွက် လမ်းဖွင့်ပေးသွားမည်ဖြစ်သည်။ အလုပ်သင်များကို သတ်မှတ် ထားသော အရည်အချင်းပြည့်မီမှု စံနှုန်းများအပေါ် အခြေခံ၍ ရွေးချယ်မည်ဖြစ်ပြီး အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းမှတဆင့် တန်ဖိုးရှိသော လက်တွေ့သင်ယူမှု အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်သည်။  




“မြန်မာနိုင်ငံရဲ့ ထိပ်တန်းတယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်တမ် (ATOM) အနေနဲ့ ယုံကြည်လက်ခံ ထားတာတစ်ခုက လူငယ်တွေအပေါ်ရင်းနှီးမြှုပ်နှံတာက အားလုံးအတွက် အနာဂတ်ကောင်း တစ်ခုပိုင်ဆိုင်ဖို့ ရင်းနှီးမြှုပ်နှံတယ် ဆိုတာပါပဲ။ ဒီအစီအစဉ်က မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိလူငယ်တွေနဲ့ အနာဂတ် လုပ်ငန်းခွင် ကျွမ်းကျင်ပညာရှင် အင်အားတိုးပွားရေးအပေါ်ထားရှိတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ် ကိုလည်း ကိုယ်စားပြုပါတယ်။ ဒီအလုပ်သင်အစီအစဉ်က အနာဂါတ်မျိုးဆက်သစ် ခေါင်းဆောင် တွေကို ပံ့ပိုးပေးရာ ရောက်ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်တဲ့ အက်တမ်(ATOM)ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောင်းသားတွေအတွက် အခုလိုအဓိပ္ပါယ်ရှိတဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးအပ်နိုင်ဖို့ ပညာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ 

အဆိုပါကာလအတွင်း အလုပ်သင်များသည် အရှိန်အဟုန်နှင့်ရွေ့နေသော လုပ်ငန်းခွင် ပတ်ဝန်းကျင်၏ လက်တွေ့လုပ်ငန်းအတွေ့အကြုံများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု ကဏ္ဍများအကြောင်းကို လေ့လာခွင့်ရကြမည် ဖြစ်သည်။ ၎င်းတို့အား ဌာနအသီးသီးမှ လုပ်သက်ရင့်ပညာရှင်များက လမ်းညွှန်သင်ကြားပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏ အခမ်းအနားများ၊ သင်တန်းများနှင့် အသိပညာမျှဝေပွဲများသို့လည်း တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်သည် အလုပ်သင်များအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ကွန်ရက်များကို တည်ဆောက်ရန်အတွက် လမ်းကြောင်းတစ်ခု ချမှတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါ program အပြီးတွင် တစ်ဦးစီအား အလုပ်သင် တက်ရောက် ပြီးမြောက်ကြောင်း လက်မှတ် ချီးမြှင့်သွားမည်ဖြစ်ပြီး တစ်ဦးချင်းစီ၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေးအပ်သွားမည် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ Internship program က အက်တမ် (ATOM) ရဲ့ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မျှော်မှန်းချက်နဲ့အညီ နည်းစနစ်ကျပြီးတော့ အကျိုးသက်ရောက်မှု ကောင်းတွေရှိတဲ့ သင်ယူမှုတွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အလုပ်သင်တွေကို ကြိုဆိုရင်း သူတို့အတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်းတွေ ဖော်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သော အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ်ဖြစ်သူ ကိုဇာနည်ထွန်းက ပြောကြားခဲ့ပါသည်။  

အက်တမ် (ATOM) ၏ အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး လုပ်ကိုင်ရည် ထူးချွန်သော လူငယ်ပညာရှင်များ ပြုစုပျိုးထောင်ရေး နှင့် အဓွန့်ရှည်သော အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင် နိုင်ရေး ဟူသည့်ကတိကဝတ်များမှနှင့်အညီ ဆက်လက်ဆောင်ရွက် လာခဲ့ခြင်းဖြစ်သည်။ အလုပ်သင် အစီအစဉ်တွင် ATOM ၏ အခြားသောဌာနများနှင့် ပညာရေးအဖွဲ့အစည်းများ ပိုမိုပါဝင်လာစေရန်နှင့် နည်းစနစ် ကျသော အလုပ်သင်မှ ဝန်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဆက်လက် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Comments

Popular posts from this blog

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး

2026 graduate Global Korea Scholarship (GKS) အတွက် လျှောက်လွှာလမ်းညွှန်ချက်များ