MPT က ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများအတွက် 24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်မည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကို မိတ်ဆက်


 လွန်ခဲ့သည့် မတ်လ (၂၈) တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် လူမှုအသိုက်အဝန်းရှိအများပြည်သူတို့ကို အ‌ထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ပြီး MPT အနေဖြင့် ပန်းလှိုင်ဆေးရုံကြီးနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို 24/7 ရက်ပတ်လုံး ဆွေးနွေးနိုင်မည့် အခမဲ့ ကျန်းမာရေးဖုန်းလိုင်း ‘2025’ ကို မိတ်ဆက်လိုက်ရပါသည်။ ယခုအစီအစဉ်သည် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသများဖြစ်သော နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)ရှိ အများပြည်သူတို့အတွက် ကျန်းမာရေးဆွေးနွေးမှုကို ချက်ချင်းနှင့် လက်လှမ်းမီ ပေးအပ်နိုင်ရန် ရည်ရွယ်ထားပါသည်။

အဆိုပါဒေသများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကိုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ယင်းသို့သော အခြေအနေတွင် MPT အနေဖြင့် လှုမှုအကျိုးပြုလှုပ်ရှားမှုတစ်ခုအဖြစ် ယခုလိုအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြင့် ငလျင်ကြောင့် အခက်အခဲကြုံတွေ့နေရသည့် အဆိုပါဒေသများရှိ သုံးစွဲသူများအား အရည်အချင်းပြည့်ဝသော ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများနှင့် အခမဲ့ဆွေးနွေးတိုင်ပင်နိုင်စေမည် ဖြစ်ပြီး ယခုကဲ့သို့ ခက်ခဲသော ကာလအတွင်း လိုအပ်သော ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ဆေးညွှန်းများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်နိုင်စေမည် ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ မေလ (၂) ရက်မှစ၍ အဆိုပါဒေသများရှိ MPT GSM ဆင်းမ်ကတ် သုံးစွဲသူများသည် ပန်းလှိုင်ဆေးရုံကြီးမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးမှုကို အချိန်မရွေး ရယူနိုင်ရန် ၂၀၂၅ သို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပါသည်။


MPT ၏ အခမဲ့ ကျန်းမာရေးဖုန်းလိုင်း 2025 ၏ အဓိက အချက်များ

  • 24/7 ပတ်လုံး ရရှိနိုင်မှု- ကျန်းမာရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို အချိန်မရွေး ရယူနိုင်ပါသည်။
  • ဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ အကြံဥာဏ်များ- ပန်းလှိုင်ဆေးရုံကြီးမှ အရည်အချင်း ပြည့်ဝသော ဆရာဝန်များကို တာဝန်ပေးထားခြင်း။
  • အလုံးစုံ အခမဲ့-ငလျင်ကြောင့်အခက်အခဲကြုံတွေ့နေရသည့် ဒေသများမှ သုံးစွဲသူများအားလုံး အခမဲ့။
  • ရိုးရှင်းလွယ်ကူမှု- MPT GMS ဆင်းမ်ကတ်ဖြင့် 2025 ကို ခေါ်ဆိုလိုက်ရုံသာဖြစ်သည်။
  • MPT GSM ဆင်းမ်ကတ် သုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။

MPT-KSGM JO လုပ်ငန်းလည်ပတ်မှုဌာနအရာရှိချုပ်၏ အကြံပေးအရာရှိ ဖြစ်သူ Mr. Naoki Shimane က “MPT အနေနဲ့ လွန်ခဲ့တဲ့ မတ်လ (၂၉) ရက်ကတည်းကစပြီး ငလျင်ကြောင့်အခက်အခဲကြုံတွေ့နေရတဲ့ လူမှုအသိုက်အဝန်းကို ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးနေပါတယ်။” “အခုလည်း ကျွန်တော်တို့အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ လူမှုအသိုက်အဝန်း ကိုယ်စိတ် ကျန်းမာစွာရှိစေရေးဆိုတဲ့ ကတိကဝတ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အခမဲ့ ကျန်းမာရေး ဖုန်းလိုင်းကို ဆောင်ရွက်ပေးလိုက်ပါပြီ။ အခုလို ခက်ခဲတဲ့ ကာလမှာ ငလျင်ကြောင့်အခက်အခဲကြုံတွေ့ခဲ့ရတဲ့ ဒေသက ပြည်သူတွေ လိုအပ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ‌စေရေးမှာ အဓိက အရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ပါဝင်နေမယ်လို့ ယုံကြည်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်ရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်း ပန်းလှိုင်ဆေးရုံကြီးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

"မြန်မာပြည်သူပြည်သားအားလုံးကို အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြည့်ဆည်းပေးအပ်နေတာ နှစ်ပေါင်း (၂၀) တိုင်တိုင်ရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ ပန်းလှိုင်ဆေးရုံကြီးရဲ့ 'Survive, Protect, Contribute' ဆိုတဲ့ ကတိစကားအတိုင်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးပေးမှုတွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုအခါမှာလည်း MPT နဲ့ပူးပေါင်းပြီး ပန်းလှိုင်ဆေးရုံကြီးက ငလျင်ဘေးသင့်ပြည်သူတွေ အချိန်မရွေးလက်လှမ်းမီရရှိနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ ပေးအပ်နိုင်တဲ့အတွက် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုကူညီထောက်ပံ့မှုတွေမှာ ရေရှည်ပါဝင်အားဖြည့်ပေးသွားမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို အတူတူဖန်တီးပုံဖော်သွားမှာ ဖြစ်ကြောင်းကိုလည်း ထပ်ပေါင်းပြောကြားလိုပါတယ်။" ဟု ပန်းလှိုင် ဆေးရုံများ လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် Dr. Gershu Paul က ပြောကြားခဲ့ပါသည်။

 

စစ်မှန်သော ပြည်တွင်းအော်ပရေတာတစ်ခုဖြစ်သည့် MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဆိုသည့် ကတိကဝတ်အတိုင်း ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေရုံသာမက လူမှုအသိုက်အဝန်းအတွက် အရေးတကြီးလိုအပ်နေသော ပံ့ပိုးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။

လှုမှုအကျိုးပြုလှုပ်ရှားမှုအပါအဝင် MPT ၏ ဝန်ဆောင်မှုများ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ၂၀၀၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော အထင်ကရဆေးရုံ တစ်ခုဖြစ်သည့် ပန်းလှိုင်ဆေးရုံသည် ၎င်း၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဆေးရုံများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့တို့တွင် တိုးချဲ့ဖွင့်လှစ်ထားရှိလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်နှင့် ဒဂုံမြို့နယ်ရှိ တော်ဝင်လမ်းတို့တွင်လည်း Medical Towers များ ထပ်မံဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြည့်မြင်တိုင်မြို့နယ်၊ သင်္ယန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်ရှိ ကြယ်စင်မြို့တော်အိမ်ရာအပြင် ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တို့တွင်လည်း HEAL by Pun Hlaing မိသားစုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများ ဖွင့်လှစ် ထားလျက်ရှိပါသည်။ အချိန်နှင့်တစ်ပြေးညီ နေရာမရွေးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် HEAL by Pun Hlaing Application မှလည်း ဝန်ဆောင်မှုများပေးအပ်လျက်ရှိပါသည်။

ယခုလက်ရှိတွင် ပန်းလှိုင်ဆေးရုံသည် အမေရိကန်နိုင်ငံအခြေစိုက် Joint Commission International (JCI) မှ ပေးအပ်ချီးမြင့်သည့် လူနာများဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ကို (၃) ကြိမ်တိုင်တိုင် ရရှိထားသော မြန်မာပြည်ရှိ ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဆေးရုံအဖြစ် ရပ်တည်လျက်ရှိပါသည်။ 

ပန်းလှိုင်ဆေးရုံ၏ ရည်ရွယ်ချက်မှာ အများပြည်သူလက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေးစံနှုန်းများနှင့်အညီ ‌ပုံဖော်လုပ်ဆောင်ကာ ကောင်းမွန်ပြည့်စုံပြီး ကရုဏာအပြည့်အဝထားရှိ၍ မြန်မာပြည်ရှိ လူမှုစီးပွားကဏ္ဍ နယ်ပယ်မျိုးစုံမှ ပြည်သူပြည်သား အားလုံးဆီသို့ ဝန်ဆောင်မှုများအား ထိရောက်မှုရှိရှိ ပေးအပ်နိုင်ရန်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက https://www.punhlainghospitals.com နှင့် https://yoma-ouehealthcare.com တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၇ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ သန်း ၂၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။







Comments

Popular posts from this blog

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းတွင် (၁၇၅) မြို့နယ်အထိ တိုးချဲ့အသုံးပြုနိုင်ပြီ

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်