တရုတ်ပြည် ပြင်ပသို့ စစ်မြေပြင်များ ရောက်ရှိလာမည်

 ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် BYD သည် Dynasty စီးရီးနှင့် Ocean စီးရီးတို့မှ မော်ဒယ် ၂၂ ခု ကို ယွမ် ၅၃,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၃၀၀) အထိ ဈေးချပြီး ရောင်းသည်။ 

၂၀၂၅ မတ်လနောက်ပိုင်း တတိယအကြိမ်မြောက် ဈေးချခြင်း ဖြစ်သည်။


ကားဝယ်သူကို BYD နှင့် အစိုးရတို့က ပေးအပ်သည့် ထောက်ပံ့ကြေးများ ထည့်တွက်လျှင် Seagull စီးရီးမှ အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ် advanced driver-assistance system ADAS ပါသော မော်ဒယ်ကို ယွမ် ၅၅,၈၀၀ (7,700 USD) ဖြင့် ဈေးဖွင့်သည်။ Seal 07 DM-i ကို ယွမ် ၁၀၂,၈၀၀ (14,400 USD) ဖြင့် ဈေးဖွင့်သည်။

BYD သည် မရောင်းရ ကားလက်ကျန်များ ရှင်းထုတ်ရန်နှင့် ဈေးကွက်ဝေစု ကာကွယ်ရန် ရည်ရွယ်သည်။

 BYD ဈေးချရောင်းသည့် ကြေညာချက်သည် ကားလုပ်ငန်းကဏ္ဍတွင် လှုပ်ခါသွားပြီး လှိုင်းဂယက်ထသည်။


Geely, Chery, SAIC-GM အပါအဝင် အဓိက ကစားသမားများက လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ အချိန်ကာလ အကန့်အသတ်ဖြင့် ၎င်းတို့၏ ကားမော်ဒယ်များကို ဈေးချလိုက်ကြသည်။ မက်လုံးများလည်း ပေးကြသည်။

 

Geely က Geome Xingyuan ကို ယွမ် ၅၉,၈၀၀(8,400 USD) သို့ ဈေးချသည်။

Chery က Tiggo 3X ကို ယွမ် ၃၄,၉၀၀ (4,900 USD) သို့ ဈေးချသည်။

Buick က Envision ကို ယွမ် ၁၆၉,၉၀၀ (23,900 USD)၊ LaCrosse ကို ယွမ် ၁၅၉,၉၀၀ (22,500 USD) သို့ ဈေးချသည်။



တရုတ်နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း China Association of Automobile Manufacturers(CAAM) နှင့် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန Ministry of Industry and Information Technology(MIIT) တို့က "ပရမ်းပတာ စျေးနှုန်းစစ်ပွဲများ” ရပ်ကြရန် သတိပေးသည်။

လုပ်ငန်းကဏ္ဍ တခုလုံးအနေဖြင့် အမြတ်မာဂျင်သည် ၂၀၂၄ တွင် ၄.၃% သို့ ကျဆင်းခဲ့ပြီး ယခုနှစ် ၂၀၂၅ ပထမ၃လပတ်တွင် ၃.၉% သို့ ထပ်ကျသွားသည်ဟု ပြောကြားသည်။ ပျက်စီးရာ ပျက်စီးကြောင်း ပြိုင်ဆိုင်မှု အရှိန်တက်နေခြင်းဟု ဆိုသည်။


နိုင်ငံပိုင် မီဒီယာတို့ကလည်း သတိပေးကြသည်။

People’s Daily က တချိန်က ဖြစ်ခဲ့ဖူးသည့် မော်တော်ဆိုင်ကယ်များ၏ ဈေးနှုန်းစစ်ပွဲ အမှားကို ပြန်ကြုံကြရလိမ့်မည်ဟု သတိပေးသည်။ ထိုစဉ်က မော်တော်ဆိုင်ကယ် ဈေးနှုန်းစစ်ပွဲတွင် ရေရှည်ရပ်တည်ဖို့ မဖြစ်နိုင်သည့် ဈေးနှုန်းများဖြင့် အပြိုင်အဆိုင် ရောင်းချခဲ့ကြရာ လုပ်ငန်းများ ပျောက်ကွယ်ကုန်သည်။


ကားလုပ်ငန်း အကြီးအကဲ အချို့တို့ကလည်း ဈေးချရောင်းသည်ကို ဝေဖန်ကြသည်။

Great Wall Motors အကြီးအကဲ Wei Jianjun က BYD ဟု အမည်တပ်၍ မပြောသော်လည်း ဟန်သာရှိပြီး အဆံ မရှိတော့သဖြင့် ပြိုလဲသည့် ဆောက်လုပ်ရေး မဟာလုပ်ငန်းကြီး Evergrande နှင့် ခိုင်းနှိုင်းပြီး ဖြစ်ပေါ်နေသည့် အခြေအနေသည် "မော်တော်ကားကဏ္ဍမှ Evergrande"ဟု ပြောသည်။ ယာဉ်ပစ္စည်း ပေးသွင်းသူတို့အပေါ် ပေးစရာရှိသည်တို့ကို ငွေအကြေမချေ၊ အကြွေးထားခြင်းနှင့် ဈေးဆစ်ခြင်းတို့ကို အားပြုထားသည်ဟု ၎င်းက ထောက်ပြသည်။


BYD သည် အရေအတွက် အမြောက်အမြား မှာယူမည် ဖြစ်သဖြင့် ကားပစ္စည်းပေးသွင်းသူများကို ၂၀-၃၀% ဈေးလျှော့ခိုင်းသည်။ 


Chery အကြီးအကဲ Yin Tongyue က အကျပ်ကိုင်ပြီး ဈေးဆစ်ခြင်းဟု ဝေဖန်သည်။


Geely က ဈေးနှုန်းများဖြင့် ယှဉ်ပြိုင်ခြင်းအစား တန်ဖိုးထားခြင်းဖြင့် ယှဉ်ပြိုင်ရန် အလေးပေး ပြောကြားသည်။


နိမ့်ကျသည့် ဈေးနှုန်းများဖြင့် ပစ္စည်းများ ပေးသွင်းနိုင်ရန် မမြင်ကွယ်ရာတွင် အရည်အသွေး လျှော့ချ ထုတ်လုပ်ကြမည် ဖြစ်သည်။ ဥပမာအားဖြင့် စတီးသတ္တုစပ်ကို အကုန်အကျ သက်သာသွားအောင် အရည်အသွေး လျှော့ထုတ်ကြမည်။ အမြင်မှာ အတူတူပင် ဖြစ်နေသော်လည်း အကယ်စင်စစ် အညံ့စား ဖြစ်နေမည်။


ကားလုပ်ငန်းများသည် တနှစ်တာ ရောင်းအား ရည်မှန်းချက်များကို မတန်တဆ ချမှတ်ထားကြသည်။ 

BYD သည် ၂၀၂၅ တွင် အစီးရေ ၅.၅ သန်း ရောင်းချရန် ရည်မှန်းထားသည်။ ယခုနှစ် ပထမ၄လတွင် အစီးရေ ၁.၃၈ သန်းသာ ရောင်းချနိုင်ခဲ့သည်။ ရည်မှန်းချက် ပြည့်ရန် အလှမ်းကွာနေသဖြင့် အကြိမ်ကြိမ် ဈေးချပြီးရောင်းသည်။ အရောင်းကိုယ်စားလှယ်များထံ ရည်မှန်းချက်အရ ကားများ ပေးပို့သည်။ ထိုအခါ အရောင်းကိုယ်စားလှယ်များ ဝန်ပိသည်။ 

ရှန်ဒေါင်းမှ အရောင်းကိုယ်စားလှယ်သည် မရောင်းရ ကားလက်ကျန်များကြောင့် ဝန်ပိသည်။ လုပ်ငန်း ငွေမလည်တော့သဖြင့် ကုမ္ပဏီ ပိတ်သိမ်းလိုက်ရသည်။

BYD ၏ အားသာချက်မှာ ဘက်ထရီကို ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ဘက်ထရီအတွက် ကုန်ကြမ်း လီသီယမ်ကာဗွန်နိတ် ဈေးနှုန်းသည် တတန်လျှင် ယွမ် ၆ သိန်းမှ ၆ သောင်းသို့ ဈေးကျသွားသဖြင့် BYD သည် ဘက်ထရီအတွက် ကုန်ကျစရိတ် လျော့ကျသည်။ သို့ဖြစ်ရာ အီးဗီ၏ အကုန်အကျအများဆုံး အစိတ်အပိုင်းဖြစ်သည့် ဘက်ထရီထုပ်ကို ကိုယ်တိုင်ထုတ်လုပ်သူဖြစ်သဖြင့် ဘက်ထရီအတွက် သက်သာသွားသမျှ သပိတ်ဝင်အိတ်ဝင် ရရှိသည်။ အကယ်၍ ဘက်ထရီကို ဝယ်ထည့်ရလျှင် သက်သာသွားသည်ကို ကားထုတ်လုပ်သူက အပြည့်အဝ ရနိုင်မည် မဟုတ်ချေ။ 

သို့ဖြစ်ရာ BYD သည် ဈေးချရောင်းသော်လည်း အမြတ်ရနေဆဲ ဖြစ်သည်။

BYD သည် ၂၀၂၄ တွင် အသားတင်အမြတ် ယွမ် ၄၀.၂ ဘီလီယံ (ကန်ဒေါ်လာ ၅.၅ ဘီလီယံ) ရခဲ့သည်။ သုဖွံ့တွင် ယွမ် ၅၄.၂ ဘီလီယံ (ကန်ဒေါ်လာ ၇.၅ ဘီလီယံ) ရင်းနှီးမြှုပ်နှံခဲ့သည်။ သို့ဖြစ်ရာ ဘဏ္ဍာရေးအခြေအနေ တောင့်တင်းနေဆဲ ဖြစ်သည်။


BYD သည် ကားလက်ကျန် များပြားခြင်းနှင့် ဈေးချရောင်းပြီး လက်ကျန်ကားများ ရှင်းထုတ်ရန် ကြိုးပမ်းခြင်းတို့ကြောင့် ဟောင်ကောင်စတော့အိတ်ချိန်းတွင် ရှယ်ယာများ ၁၀% ကျော်အထိ ဈေးကျသည်။ ကုမ္ပဏီ ဈေးကွက်တန်ဖိုး ယွမ် ၁၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၃.၈ ဘီလီယံ လျော့ကျသွားသည်။ 


BYD သည် ယွမ် ၁ သိန်းအောက် (14,000 USD) အီးဗီ ဈေးကွက် အပိုင်းအကန့်တွင် ဈေးကွက်ဝေစု ချဲ့ထွင်ရန် ရည်မှန်းထားသည်။ လက်ရှိတွင် ၇.၄% သာ ရထားသည်။


ကားဝယ်စီးသူတို့အဖို့ ယွမ် ၁ သိန်းအောက်သို့ BYD ဆင်းလာသည်ကို ကြိုဆိုကြမည်။ စမတ်မောင်းနှင်မှု အဆင့်-၂ L2 ကားကို ယွမ် ၁ သိန်းအောက်ဖြင့် ဝယ်စီးနိုင်မည်။ ထို့ပြင် ထိုင်ခုံတွင် လေပူလေအေးပေးစနစ်ပါသည်။ အဆင့်မြင့် အင်ဖိုတိန်းမင့်စနစ်များ ပါသည်။ 



ပြိုင်ဘက်ကို အသေသတ်မည့် ဈေးနှုန်းစစ်ပွဲကြောင့် ပြည်တွင်းကားဈေးကွက်ကို ကားအမှတ်တံဆိပ် ၅-၇ ခုတို့ကသာ ကြီးစိုးထားသည့် အနေအထားသို့ ရောက်သွားမည်ဟု CAAM က ခန့်မှန်းထားသည်။


BYD နှင့် Geely အပါအဝင် တရုတ်ကားအမှတ်တံဆိပ်များသည် ပြည်ပကားလုပ်ငန်းနှင့် ဖက်စပ်ထူထောင်ထားသည့် ကားလုပ်ငန်းများ၏ ကားအမှတ်တံဆိပ်များကို အပြုတ်တိုက်နေကြသည်။ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် ပြင်းထန်သည့် ဈေးနှုန်းစစ်ပွဲများဖြင့် တိုက်ခိုက်နေကြသည်။ 

Toyota Corolla/ Levin အပါအဝင် ဂျပန်ကားမော်ဒယ်များသည် ယွမ် ၄၀,၀၀၀(5,500 USD) အထိ ဈေးချပြီး အသည်းအသန် ယှဉ်ပြိုင်နေကြရသည်။



နောက်ထပ် စစ်မြေပြင်များသည် တရုတ်ပြည် ပြင်ပတွင်ထိုင်းနိုင်ငံအပါအဝင် အာရှနှင့် ဥရောပ နိုင်ငံများတွင် ဖြစ်ပွားလိမ့်မည်။ နည်းပညာများ သာခြင်း၊ ဈေးနှုန်း သက်သာခြင်းတို့ဖြင့် တိုက်ခိုက်ကြလိမ့်မည်။


Source carnewschina 

 

#AutomobileIndustryGuide 

Comments

Popular posts from this blog

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက်

Android တွေအကြား အချောမွေ့ဆုံး OS စနစ်ဖြစ်တဲ့ ColorOS 15 နဲ့အတူ ရေအောက်ဓာတ်ပုံရိုက်ခြင်း လုပ်ဆောင်ချက်ပါရှိလာတဲ့ OPPO Reno13 Series ကို မြန်မာနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်

ကမ္ဘာတစ်ဝန်းအဓိကဈေးကွက်များမှ အသေးစား စီးပွားရေးလုပ်ငန်းများ အတွက် Business Accounts လုပ်ဆောင်ချက် အသစ်အား Rakuten Viber မှ စတင်မိတ်ဆက်