MPT ၏ နိုင်ငံတစ်ဝန်း နည်းပညာလေ့လာသင်ကြားရေးအစီအစဉ်မှတစ်ဆင့် ကျောင်းသား ၅၀၀ နီးပါး လုပ်ငန်းခွင်အတွေ့အကြုံနှင့် အသိပညာများ ရရှိခဲ့

 MPT က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ “၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်” ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုရှိ MPT ရုံးများတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာ တက္ကသိုလ် (၁၆) ခုမှ ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါး တက်ရောက်လေ့လာခဲ့ကြပါသည်။ 

MPT အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဤအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့ တက္ကသိုလ်တွင် သင်ကြားခဲ့သော ဘာသာရပ်များကို တကယ့်လက်တွေ့လုပ်ငန်းခွင်၌ မည်သို့အသုံးချနေသည်ကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင်တွင်အမှန်တကယ်အသုံးချနေသည့် နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက်ရောက်လေ့လာခဲ့သည့် ကျောင်းသား/သူ စုစုပေါင်း ၂,၈၀၀ ကျော်ကို သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

MPT သည် တစ်နိုင်ငံလုံးရှိ ကျောင်းသား/သူ စုစုပေါင်း ၄၇၃ ဦးအတွက် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းခွင် လေ့လာရေးအစီအစဉ်များကို ပံ့ပိုးပေးခဲ့ပြီး ပညာရပ်ဆိုင်ရာ သီအိုရီများနှင့် လက်တွေ့လုပ်ငန်းခွင် အသုံးချမှု များအကြား လိုအပ်ချက်များကို သင်ကြားပြသပေးခဲ့ပါသည်။ ယခုအစီအဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ Network Center နှင့် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း တို့၌ ဒုတိယနှစ်၊ တတိယနှစ် နှင့် စတုတ္ထနှစ် ကျောင်းသား/ ကျောင်းသူ (၁၆၂) ဦး တို့ကို သင်တန်းသားများ အဖြစ် လက်ခံခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၃၁၁) ဦးတို့က လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ MPT ရုံးများတွင် လေ့လာခွင့်ရရှိခဲ့ကြပါသည်။ သင်တန်းသားများ အနေဖြင့် ခေတ်မီကွန်ရက်စနစ်များကို ကွန်ရက်ချိတ်ဆက်မှု နည်းပညာ၊ FTTH ပြုပြင်ထိန်းသိမ်းရေး နည်းပညာ၊ MSAN နှင့် Exchange ပိုင်းဆိုင်ရာနည်းပညာစသော အကြောင်းအရာများကို စာတွေ့လက်တွေ့ သိရှိနားလည်နိုင်စေရန် လက်တွေ့လုပ်ဆောင် လေ့ကျင့်ပေးခြင်း များကို လေ့လာသင်ယူခွင့် ရရှိခဲ့ကြပါသည်။

“MPT အနေနဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး လူငယ်တွေရဲ့ဖွံ့ဖြိုးရေးကို အဓိကအလေးထားတဲ့အနေနဲ့ 'နိုင်ငံတစ်ဝန်း လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်' တွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ကျောင်းမှာသင်ကြားခဲ့ရတဲ့ ပညာရပ်တွေနဲ့ လက်တွေ့နယ်ပယ်က နည်းပညာရပ်တွေအကြား ပိုပြီးနီးစပ်သွားအောင် ဖြည့်ဆည်းပေးခဲ့တာကြောင့် အခုဆိုရင် နည်းပညာတက္ကသိုလ်ကျောင်းသားပေါင်း ၂,၈၀၀ ကျော်ကို လက်ဆင့်ကမ်း ကူညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကျောင်းသား/ကျောင်းသူ ၅၀၀ နီးပါးကို လုပ်ငန်းခွင်ဝင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှု တွေကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကတစ်ဆင့် ရရှိလာတဲ့ အတွေ့အကြုံတွေဟာ ကျောင်းသားလူငယ်တွေ လုပ်ငန်းခွင်ထဲကို စတင်ဝင်ရောက်တဲ့အခါ အမှန်တကယ် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းခွင်အဆင်သင့်ဖြစ်နေတဲ့ လူငယ်တွေဖြစ်လာစေမယ်လို့ ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် ၎င်းလုပ်ငန်းလည်ပတ်သည့် ကဏ္ဍများအားလုံးတွင် မျိုးဆက်သစ်လူငယ်များ၏ ဖွံ့ဖြိုးတိုးတက် ရေးကို စဉ်ဆက်မပြတ်အလေးထားဆောင်ရွက်လျက်ရှိပါသည်။ သိသာထင်ရှားသည့် အားထုတ်မှုတစ်ခုအဖြစ် အီလက်ထရွန်းနစ် နည်းပညာသုံးပညာရေး ပလက်ဖောင်းအစီအစဉ် https://csrelearning.mpt.com.mm/ မှတစ်ဆင့် မြန်မာနိုင်ငံရှိ ပညာသင်ကြားလိုသူ လူငယ်များ ဒေတာကုန်ကျစရိတ်နှင့် သင်တန်းကြေး ပေးရန်မလိုဘဲ အခမဲ့လေ့လာသင်ယူနိုင်မည့် ပညာရေးအစီအစဉ်ကိုလည်း ဆောင်ရွက်ထားပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့်လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း   

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း (၁၄၀) ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်း၊ ဖိုင်ဘာနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံးသော 3G၊ 4G/ LTE+ နှင့် 5G ကွန်ရက်တို့ကို ပိုင်ဆိုင်ထားပါသည်။

MPT သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ နည်းပညာနှင့် ကျွမ်းကျင်မှု အတွေ့အကြုံများကို ပေါင်းစည်းထားသည့် KDDI Summit Global Myanmar Limited (KSGM) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

လွန်ခဲ့သည့် (၁၀)နှစ်တာကာလအတွင်း MPT-KSGM ပူးပေါင်းဆောင်ရွက်မှု သည် သုံးစွဲသူများသို့ အဆင့်မြင့် နည်းပညာများနှင့် ဒီဂျစ်တယ် အတွေ့အကြုံများကို ပေးအပ်ခဲ့ခြင်းနှင့်အတူ ယခုအခါ လူဦးရေ၏ ၉၆% ကို ကွန်ရက်လွှမ်းခြုံ ထားကာ သုံးစွဲသူ သန်း (၂၀) ကျော်ကို ဝန်ဆောင်မှုပေးအပ်လျက်ရှိသည့် ခိုင်မာသော တယ်လီကွန်း အခြေခံ အဆောက်အဦ ကို တည်ထောင်ပေးခဲ့ပါသည်။ MPT သည် ယုံကြည်စိတ်ချရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ MPT Club ကဲ့သို့သောအစီအစဉ်နှင့် များစွာသောထပ်ဆောင်းဝန်ဆောင်မှုတို့ကိုလည်း မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီဂျစ်တယ် အသုံးပြုနိုင်မှုကို မြှင့်တင်ပေးခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်းတီးပေးနိုင်ခဲ့ပါသည်။

 

MPT အနေဖြင့် လူမှုအသိုက်အဝန်းဖွံ့ဖြိုးစေရေးအတွက် ထားရှိသည့်ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာပြည်သူ ပြည်သားများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းငယ်ကဏ္ဍများတွင် ကျပ် (၂၆) ဘီလီယံကျော် သုံးစွဲကာ ၎င်း၏ တာဝန်သိလူမှုအကျိုးပြုလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။

 

မြန်မာနိုင်ငံဆက်သွယ်ရေး အခြေခံအဆောက်အဦ၏ အရည်အသွေးတိုးတက်စေရန် ဆောင်ရွက်ခြင်းနှင့်အတူ ၎င်းတို့၏ အထောက်အပံ့ပြုဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်ရန်နှင့် ပြည်တွင်းမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အရည်အချင်းကို အသုံးချ နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်ကာ MPT သည် KSGM နှင့် သဘောတူညီမှု စာချုပ်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ MPT အနေဖြင့် ဝန်ထမ်းပေါင်း ၆ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအပါအဝင် မြန်မာပြည်သူပြည်သားများအတွက် ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးကျေးဇူးများကို ပေးအပ်သွားရန် ကတိပြုပါသည်။

MPT အကြောင်းပိုမိုသိရှိလိုပါ www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက https://mpt.com.mm/mm/about-home-mm/csr-activities-mm/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။ 










Comments

Popular posts from this blog

အဲဒီအလုပ်တွေက ပြန်ရောက်မလာတော့ဘူး

ကျောင်းပညာရေးဖြင့် မတက်ရောက်နိုင်သည့် ကလေးများ ကျောင်းပြင်ပပညာရေး၏ တန်းညှိပညာရေးအစီအစဉ်ဖြင့် တက်ရောက်နိုင်

Samsung ရဲ့ (၅၆) နှစ်ပြည့်အထိမ်းအမှတ် (၅၆) ရာခိုင်နှုန်းအထိ လျှော့စျေးတွေပေးအပ်လျက်ရှိတဲ့ Samsung Week ပရိုမိုးရှင်းကြီး